Pages

August 06, 2008

Myanmar Restaurants - Singapore

ပြီးခဲ့တဲ့ လက စပြီး စင်္ကာပူမှာ မြန်မာ စားသောက်ဆိုင် အများအပြား အသစ်ဖွင့်တာ တွေ့ ရတယ်။ မြန်မာတွေ စုလေ့ရှိတဲ့ Pennusila Plaza မြေအောက်ထပ်မှာပါ။ အဲဒီနေရာမှာ အရင်က အစာသောက်တွေ ရောင်းတယ်၊ နောက်တော့ အ၀တ်အထည်တွေ ရောင်းတဲ့ ဆိုင်ကြီး ဖြစ်သွားတယ်၊ အခု တစ်ခါ စားသောက်ဆိုင်တွေ ပြန်ဖြစ်သွားပြီး၊ အဲဒီက ဆိုင်အများစုက မြန်မာ အစားအသောက်ရောင်းတဲ့ ဆိုင်တွေ ဖြစ်တာ တွေ့ ရပါတယ်။

ဆိုင်အသစ်တွေထဲမှာ ပထမဆုံး သွားစားဖြစ်တာ Oriental House ဆိုင်မှာပါ။ ရန်ကုန် Oriental House က ဆိုင်ခွဲလာ ဖွင့်ထားတာလို့  ပြောကြတယ်။ စားရတာ မဆိုးပါဘူး။ တချို့  အစားအသောက်တွေက အင်းလေးထက် ဈေးပိုပေါတယ်။ ဒါပေမယ့် တချို့ အစားအစာတွေကြတော့ ဈေးပိုကြီးနေပြန်ရော။ Set Menu က အစားသောက်တွေဆို ၄.၈၀ ပဲရှိတယ်ဆိုတော့ ပေါတယ်၊ မဆိုးဘူးပြောရမယ်။ ဒါပေမယ့် Set Menu မဟုတ်တာတွေ မှာမယ်ဆို အသား၊ ငါး ဟင်းတင်မကဘူး၊ အသုတ်တွေပါ ၁၀ အောက် မရှိဘူး။ ထည့်ပေးတာတော့ အင်းလေးထက် များတယ်။ အရွက်ကြော်တွေကတော့ ၆.၀ လောက်ပဲရှိတယ်။ သူငယ်ချင်း ၄-၅ ယောက်နဲ့  သွားစားမယ်ဆိုရင် တော့ မှာ စားရတာ သင့်တော်မယ်။ ကျွန်မ တို့ ဆို သူငယ်ချင်း ၂-၃ ယောက်ပဲ စားပြီး၊ စားတဲ့အခါ ထမင်းနဲ့ ဟင်းအမျိုးအစား ၃-၄ မျိုး ၊ တခါတလေ ၅ မျိုးလောက် မှာစားလေ့ ရှိတတ်သူတွေ အတွက်တော့ Oriental House ထက်စာရင် အင်းလေးမှာ စားရတာ ပိုပြီး အဆင်ပြေ ဈေးသက်သာတယ်။ ထမင်းမစားပဲ ကြာဇံကြော်၊ ခေါက်ဆွဲကြော် တွေဘာတွေ စားချင်ရင်၊ အပေါ်က ဆိုင်တွေမှာလည် မစားချင်တဲ့အခါတွေမှာ Oriental House မှာ သွားစားဖြစ်မယ်ထင်တယ်။





Posted by Picasa


ပြီးခဲ့တဲ့ အပတ်ကတော့ သူငယ်ချင်းတစ်ယောက်နဲ့  Irrawaddy မှာ သွားစား ဖြစ်တယ်။ အဲဒီဆိုင်က ဟော့ပေါ့ ကို အဓိက ရောင်းတာနဲ့  တူတယ်။ မီဖိုနဲ့ အိုးလေးတွေ တွေ့ တယ်။ ဟော့ပေါ့ မစားဖြစ်လို့  အရသာကောင်း မကောင်း မသိဘူး။ Menu မှာ ၁၉ လမ်း အသားကင်တွေ ဘာတွေ ရေးထားတာတွေ့ တော့ မဆိုးဘူး စားကြည့်မယ်ဆို မှာတာ၊ အခု မရသေးပါဘူးတဲ့။ မီနူးမှာ ရေးထားတဲ့ စားချင်တာတွေ အတော်များများ မရဘူး။ ခုမရောင်းသေးဘူးတဲ့၊ ဘယ်တော့မှ ရောင်းမလဲ မသိဘူး။ မရောင်းတဲ့ အစားအစာတွေ မီနူးထဲ ထည့်တားတာကတော့ မသင့်တော်ဘူးပေါ့။ ဖျက်သင့်ရင် ဖျက်ထားသင့်တယ်။ ဆိုင်ထဲမှာ ထိုင်ပြီးမှတော့ ပြန်မထွက်ချင်တော့တာနဲ့  ရတာတွေထဲက ကြည့်မှာ လိုက်ရတယ်။ အဲ့ဒီဆိုင်မှာ Beer သောက်နေသူတွေ များတယ်။ သွားစားဖြစ်တဲ့ နေ့ ကဆို ဘီယာ တဂျားမှာရင် ၁ ခွက်အပိုပေးတယ် သိရတယ်။ Beer သောက်ရင်း စားဖို့  Snack ပုံစံတွေ၊ ငါးမုန့် ကြော်တို့ ၊ ဟိုအကြော် ဒီအကြော်တွေကို တစ်ပွဲ S$3 နဲ့ ရောင်းတယ်။ အကြော်စုံ (အသီးအရွက်) လား နာမည်သေချာ မမှတ်မိဘူး မှာ လိုက်တာ ပြောင်းဖူးအသေး နှစ်ခြမ်ခွဲ၊ ငရုတ်သီး အတောင့်ပွ၊ မုန်လာဥနီ နဲ့  တခြား ဘာလည်းမသိဘူး လက်မလောက်လေးတွေကို တစ်မျိုးကို နှစ်ခုစီ မုန့် နှစ်နဲ့  ကြော်ထားတာ လာချပေးတယ်။ ပလျှူး ထမင်းကြော်နဲ့  ကတ်ကြီးကိုက် စားတာ စားလို့ မကောင်ဘူး။ ကတ်ကြီးကိုက်က ပိုဆိုးသေးတယ်။ ခေါက်ဆွဲဖတ်က အပြားအရမ်းကြီးပြီး ပဲပြုတ်ကလည်း နည်းနည်းလေးပဲ ပါတယ်။ အရသာ လုံးဝ မရှိဘူး။ အစားအသောက်ကို ကုန်အောင်စားရမယ် ဆိုတဲ့ စိတ်ကြောင့်သာ မနည်းစားခဲ့ရတာ၊ အရင်စိတ်နဲ့ ဆို တစ်ဇွန်းထက် ပိုစားဖြစ်မယ် မထင်။ ခုလက်ရှိ အနေအထားနဲ့ ဆို ဟော့ပေါ့ မဟုတ်ပဲ တခြားဟာ စားမယ်ဆိုရင် Irrawaddy မှာ နောက်ထပ်စားဖြစ်ဖို့  မစဉ်းစားသေးဘူး။ ကိုယ်ဟာကို ၀ယ်စားရမယ်ဆို အချိန်နည်းနည်းကြာမှ ထပ်သွားစားကြည့်တော့မယ်။ ဒီကြားထဲ သူငယ်ချင်းတွေ ကြွေးလို့  စားရမယ်ဆို အပြင်ကနေ မီနူးအရင်ပြခိုင်းပြီး ဘာရမရ အရင်ပေးမယ် စိတ်ကူးတယ်။

Oriental House နဲ့  Irrawaddy မှာ လုံးဝ မကြိုက်တာ တစ်ခုက သောက်ရေ မပေးတာပါပဲ။ အင်းလေးမှာ ထိုင်လိုက်တာနဲ့  ရေလာချပေးတယ်။ Oriental House မှာ ဘာအအေးသောက်မလဲပဲ မေးတယ်။ သောက်ရေ ချမပေးတာနဲ့  သံပရာရေ မှာသောက်တာ ဘာအရသာမှကို မရှိဘူး။ ဘာလိုနေမှန်းကို မသိတာ။ အိမ်မှာ ကိုယ့်ဟာကို ဖျော်သောက်တာတွေကတောင် ဒီထက် ပိုကောင်းသေးတယ်။ Irrawaddy မှာလည်း ရေ လာမချပေးဘူး။ ဒါပေမယ့် အတူသွားစားတဲ့ သူငယ်ချင်းက ရေချပေးပါပြောတော့ ရေအေးအေးလေး နှစ်ခွက် လာချပေးပါတယ်။ ကျွန်မ တစ်ယောက်တည်းသွားစားတာဆို သူလိုမှာ ဖြစ်မှာ မဟုတ်ဘူး။ တခြား ဘယ်သူမှလည်း ရေသောက်နေတာ မတွေ့ ဘူး။ အလကားပေးမှန်း မပေးမှန်းမသိ၊ မတောင်းချင်ဘူး။ အလိုလို လာချပေးတာကို ပိုကြိုက်တယ်။ အင်လေးမှာဆို ချပေးဖို့  မေ့နေတောင်မှ ရေချပေးလေ့ ရှိမှန်းသိတော့ တောင်းဖြစ် သေးတယ်။ Irrawaddy မှာ အအေး အနေနဲ့  ထောပတ်သီးဖျော်ရည် မှာသောက်တယ်။ ဈေးက Oriental House နဲ့  အင်းလေးထက် ပိုသက်သာတယ်။ ကျွန်မအတွက်တော့ အရသာ မဆိုးဘူးပြောလို့ ရတယ်။ သူငယ်ချင်းကတော့ နည်းနည်းယူသောက်ပြီး ကောင်းလည်း မကောင်းဘူးလို့  ပြောတာပဲ။

ဆိုင်ရဲ့ ၀န်ဆောင်မှု့ အနေနဲ့ ဆို Oriental House နဲ့  Irrawaddy ၀န်ဆောင်မှု့ က အင်းလေးထက် ပိုကောင်းတယ်။ စာပွဲထိုးတွေက ပြောတာ ဆိုတာ မဆိုးပါဘူး။ ဒါပေမယ့် စအလုပ်လုပ်တာမို့ လားမသိဘူး၊ ကိုယ့်ဆိုင်မှာ ဘာရလဲ၊ ဘာမရဘူးလဲ မသိကြဘူး။ အင်းလေးက လူခွဲဆက်ဆံတာမျိုး ရှိတယ် ပြောကြတယ်။ ကျွန်မတို့ သူငယ်ချင်းတွေ သွားစားရင်တော့ အင်းလေးက လူတွေက မှတ်မိနေလို့ လား မသိဘူး ပြောတာဆိုတာ အဆင်ပြေပါတယ်။ တစ်ပတ် ၁-၂ ခါ အနည်းဆုံး လာစားနေမှတော့ မှတ်မိပြီပေါ့။

အင်းလေးက တော့ တစ်ခုခုမှာရင် ကြာတာ ထုံးစံလိုပဲ။ ဒီတော့ အချိန်စောင့်ပြီး စားနိုင်မှ သွားစားတယ်။ စားတဲ့သူများလို့  မနိုင်တာဖြစ်မယ်။ အရင်က မြန်မာဆိုင်က သူတစ်ခုတည်းလို ဖြစ်နေတယ်လေ။ အခုတော့ ဆိုင်တွေများလာပြီဆိုတော့ စားတဲ့သူမျှသွားပြီး ပိုပြီး အဆင်ပြေ၊ မြန်ဆန်လာမယ် ထင်တယ်။ အပြိုင်အဆိုင်ရှိတော့ ပိုကြိုးစား၊ တစ်ဆိုင်နဲ့ တစ်ဆိုင် ပိုကောင်းအောင် လုပ်လာမယ်ဆို စားသုံးသူတွေအတွက် အမြတ်ပဲ။ အင်းလေးမှာ ပြီးခဲ့တဲ့ စနေနေ့ က နေ့ လယ်စာ သွားစားတာ ပန်ကန်တွေတောင် ပုံစံအသစ်နဲ့ ဖြစ်နေတာ တွေ့ ရတယ်။ ထမင်းနဲ့  ဟင်း set ၂ ပွဲ (ကြက်သားနဲ့  ငါးခူခြောက်စပ်) နောက်ပြီး၊ ငါးဖယ်သုတ်၊ ကန်စွန်းရွက်ကြော် မှာစားတယ်။ သူငယ်ချင်းက ထမင်းလိုက်ပွဲ ထပ်ယူတယ်။ အားလုံး S$27 ပေးရတယ်။






အင်းလေးမှာ တချို့ စာပွဲထိုးက စကားပြောတာ အဆင်မပြေတာ ကြုံဖူးပါတယ်။ အစက စိတ်ဆိုးမိသေးတယ်။ နောက်တော့ တော်ရုံ အဆင်မပြေတာ လောက်ကို သိပ်ဂရုမစိုက်တော့ဘူး။ မြန်မာအချင်းချင်းပဲ ကိုယ်ချင်းစာစိတ် နည်းနည်း မွေးလိုက်တယ်။ သူတို့ လည်း ကျောင်းတတ်ရင်း တဘက်တလမ်းက အလုပ်လုပ်နေကြတာပဲ။ အလုပ်ကိုအလုပ်နဲ့  တူအောင်လုပ်ရမယ် ဆိုတာတော့ နားလည်ပါတယ်။ လူတိုင်း အသိစိတ်ရှိတာမှ မဟုတ်တာ၊ ခွင့်လွှတ်လိုက်တယ်။ ကိုယ်က မှာချင်တာ၊ ပြောချင်တာကို ပြုံးပြုံးရွှင်ရွှင် ချိုချိုသာသာပဲ မှာတယ်။ ပို့ တာ နောက်ကျနေရင် ထပ်မှာတယ်။ စာပွဲထိုးတွေ အများကြီးပဲဟာ။ နောက်ဆုံး မရရင် ကောင်တာမှာ ရှိနေတဲ့ တစ်ယောက်ကို ထသွားပြော လိုက်တယ်။ ကိုယ်ကောင်းကောင်းမွန်မွန် ပြောဆိုရဲ့သားနဲ့  အရမ်းအဆင်မပြေဘူး ဆိုရင် ဆိုင်ရှင်ကို အေးအေးဆေးဆေး ပြောလိုက်ပါတယ်။ ဆိုင်ရှင်က စီပွါးရေးလုပ်နေတာပဲ၊ သူ့ ကို ပိုက်ဆံ လာပေးနေတဲ့ စားသုံးသူတွေကို ဘယ်လို ဆက်ဆံရမလဲ နားလည်ပါတယ်။


တခြားဆိုင်တွေတော့ မစားဖြစ်ဘူး။ စားဖြစ်ရင် ဒီမှာရေးအုံးမယ်။ စားဖြစ်ဖို့ တော့ မလွယ်ဘူး။ အပြင်မှာ စားတဲ့အခါတွေမှာ ဟင်းနဲ့  ထမင်းနဲ့  ပန်ကန်တစ်ခုတည်းမှာ ပုံပြီးစားရတာကို မကြိုက်ဘူး။ အိမ်မှာဆိုရင်တော့ ကိုယ်စားချင်တဲ့ဟင်းကို ပုံပြီး စားတတ်ပါတယ်။ ကိုယ်စားချင်တဲ့ ပမာဏကို ကိုယ်သိနေတာမို့ လိုပါ။ ဟင်းချက်ပြီးသား နဲ့  ထမင်း ရောင်းတဲ့ ဆိုင်တွေမှာဆို အိမ်ကို ဟင်းဝယ်ဖို့ လောက် ပဲသွားတယ်။ ဒါတောင် အိမ်ရောက်ရင် ၀ယ်လာတဲ့ ဟင်းတွေကို ကိုယ်ကြိုက်တဲ့ ပုံစံရအောင် နည်းနည်းတော့ ပြန်ပြင်လေ့ရှိသေးတယ်။ ဟင်းချက်ပြီးသားတွေ ရောင်းတဲ့ မြန်မာဆိုင်တွေမှာဆို သူငယ်ချင်းတွေ စားလို့  အတူ ဆိုင်မှာစားရမယ်ဆို တောင် ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ အသုတ်၊ ရခိုင်မုန့် တီ နဲ့ ကြေးအိုး စတဲ့ပုံစံတွေပဲ စားလေ့ရှိတယ်။ သည်းခံ ဖတ်ပေးကြပါ။ ထမင်း ၀ယ်ကျွေးချင်တဲ့သူတွေများ ဒီလာဖတ်မိရင် ကျွန်မ ဘယ်လို စားတတ်တယ် ဆိုတာ သိအောင် တမင် ရေးလိုက်တာပါ။ :D

အခုစားသောက်ဆိုင်တွေမှာ သွားစားရင်း ကျွန်မ ကြုံတွေ့ ရတဲ့ အတွေ့ အကြုံအပေါ် အခြေခံရေးခြင်း ဖြစ်ပါတယ်။ အဲဒီ စားသောက်ဆိုင်တွေကို ကြိုက်တဲ့သူလဲ ရှိမယ်၊ မကြိုက်တဲ့သူလဲ ရှိမယ်။ ဒီမှာ နေသမျှ အိမ်မှာလည်း ထမင်းချက်မစားဖြစ်တော့ အဲဒီဆိုင်တွေ ထပ်သွားစားဖြစ်နေအုံးမှာပါပဲ။ စားဖြစ်ခဲ့လို့  ထူးခြားတာလေးတွေ တွေ့ ရင် ဟိုရေး ဒီရေး လုပ်ဖြစ်အုံးမယ် ထင်တယ်။ ပိုဆိုးရင် ပိုးဆိုးသွားတဲ့အကြောင်း.. ကောင်းလာရင်လည်း ပိုကောင်းလာတယ်ဆိုတဲ့ အကြောင်းတွေ...။ ခုတော့ ဒီလောက်ပါပဲ။

5 comments:

P.Ti said...

ဒီနေ့ နေ့လည်ပဲ အင်းလေးမှာစားလာတာ။ ပထမတော့ ဆိုင်အသစ်မှာစားမယ်ဆိုတော့ အိုရီယန်တယ်ဟောက်စ် ကမဖွင့်သေးဘူး၊ ကျန်တဲ့ဆိုင်တွေကလည်း နေနေနိုင်ပြောသလို menu မှာပါတာတွေမရတော့၊ အင်းလေးကိုပဲ ခြေဦးလှည့်မိတယ်။

အင်းလေးက Service ကတော့ တော်တော်ညံ့တာပဲ လူလည်းမရှိပဲ လုပ်လိုက်တာတလွဲတွေပဲ။

ငါးသလောက် မမှာပဲ လာချတယ်၊ မှိုကဇွန်းဆိုတော့ ကဇွန်းပဲငပိလာချတယ်၊ ဟင်းချိုမှာတာ မေ့နေတယ်။ ဟင်းချတော့လည်း ဘာဟင်းလည်းမပြောဘူး၊ လာချတိုင်းမေးရတယ်။ စားပွဲထိုးတချို့ကတော့ စူပုပ်ပုပ်နဲ့။ လုပ်တဲ့အလုပ်ကို လေစားဖို့တော့လိုမယ်ထင်ပါတယ်။ ကျွန်တော်တို့လည်း စားပွဲထိုးဖူးပါတယ်။

ကန်ဇွန်းရွက်ကြော်ကိုပြောလိုက်တော့ မှိုကဇွန်းထပ်ကြော်ပေးပါတယ်။

စားပြီးလို့ အချိုပွဲမှတော့ စားပွဲသုတ်ပေးပါပြောတာ သုတ်မပေးတော့ တစ်ရှုးလေးနဲ့ ကိုယ်တိုင်ပဲသုတ်လိုက်ရပါတယ်။

အင်း… စင်ကာပူမှာ စင်ကာပူပိုက်ဆံပေးပြီးစားတာ မြန်မာservice ပဲရတယ်…

Anonymous said...

ကောင်းပါတယ် အဲလိုရေးမယ့်လူမျိုးရှိတာ အင်းလေးကကြာတာထုံးစံပါဘဲ။ စားပွဲထိုးလေးတွေက ကျောင်းသားအရွယ်တွေဆိုတော့ အမပြောသလို နားလည်ပေးရမှာပေါ့။ လူခွဲပြီးဆက်ဆံတာတော့ မကောင်းပါဘူး။

taryar

khin oo may said...

ဗဟုသုတ ရပါ၏. ကြုံ လျှင် ကျွေးပါမည်.

SZA said...

no water provided at oriental house..cuz there has no service charge like 10%..
inle has service and they provide water :)
it seem like if ppl ask they provide or something..im not sure..
but i think it is not service that they wil provide the water..

one of the waiter at oriental house is my friend's younger brother :D

MELODYMAUNG said...

ချားချင်တယ်
ပို့စ်အသစ်မတွေ့လို့ ဒီမှာ နှစ်ခါလာ သွားရည်ကျသွားတာ :P