Pages

January 07, 2010

နှင်းဆီလွင်ပြင်

ခုရက်ပိုင်းဖတ်ဖြစ်တဲ့ ကဗျာ။ ကဗျာဆရာ ဇွန်မှိုင်း ရေးသားတဲ့ "နှင်းဆီလွင်ပြင်"။ ဒီကဗျာလေးကို ဖတ်ဖူးတာ အတော်ကြာပြီ။ ဟိုတနေ့ ကမှ အမှတ်မထင် သတိသွားလို့  လိုက်ရှာတာ အတော်လေး ရှာလိုက်ရတယ်။ ကိုယ်က နာမည်နဲ့  အကြောင်းအရာကို ၀ိုးတိုးဝါးတာ သတိရတာမျိုး ဖြစ်နေတာကို။ ကိုယ်ဖတ်ခဲ့ဖူးတာ အင်တာနက်ပေါ်က တစ်ဆင့်ဆိုတာ သေချာတာကြောင့် ရှိမှာပဲဆို စဉ်းစားရသမျှ စာလုံးမျိုးစုံနဲ့  လိုက်ရှာလိုက်တာ နောက်ဆုံးတော့ ရှာလို့ တွေ့ ပြီ။ ဘလော့တွေမှာ တင်ပေးထားတဲ့ Chocolaier နဲ့  Dreamcolormm ကိုအထူး ကျေးဇူးတင်မိတယ်။
နှင်းဆီလွင်ပြင် - ဇွန်မှိုင်း

ဝတ်ရွတ်သံ၊ ဘုရားဝတ်ပြုသံတွေ ကြားနေရတယ်
ဘုရားတန်ဆောင်း မဟုတ်တာတော့ သေချာတယ်
ဖျာတစ်ချပ်တော့ ရှိရဲ့၊ ပုပ်အဲ့အဲ့ အနံ့တချို့လဲရှိ
ဆွံ့အအ အလင်းတချို့လဲ ရှိနေတဲ့ ဒီအခန်း
ကြမ်းပြင်က အေးစက်စက် စွတ်စို
တခါးရွက်ကို သွပ်ပြားတချပ်နဲ့ ထပ်ကာထားတယ်။

တခြားအခန်းတွေကို စကားလှမ်းမပြောနဲ့ ၀င်တဲ့
ရမ်းကားတင်းမာလွန်းတဲ့ လေသံတွေ
တခါးသော့ခတ်သံ ခပ်ကြမ်းကြမ်း လျှောက်ထွက်သွားတဲ့
ဖိနပ်သံတွေ ဝေးသွား၊
သွပ်ပြားပေါက် ကြားက ချောင်းကြည့်
သူတို့လဲ ကျုပ်ဖက်ကို ကြည့်နေကြ၊
ဒုက္ခသည်အသစ်ကို စိတ်မကောင်းစွာ
ကြိုဆိုနေကြတာ၊
သူတို့ မျက်နှာတွေပေါ်မှာ ဂုဏ်ယူတာလဲပါ၊
နွေးထွေးခြင်းလဲပါ၊ ဒါ မဟာကာလ ငရဲရဲ့
ရင်ကွဲတိုက်ပါ မိတ်ဆွေ။

မှေးကနဲ အိပ်ပျော်သွားတော့
အားလုံး ကောင်းကြရဲ့လား
ငှက်ဆိုးတကောင်ရဲ့ မေးသံနဲ့ လန့်နိုးလာတယ်၊
ကျုပ်ဘေးမှာ လူတယောက် ရောက်နေသလိုမျိုး
အိုး ကာနယ်ချစ်ကောင်းပါလား၊
စာအုပ်အဟောင်းတအုပ်ကို လှမ်းပေး၊
ကျနော် ရေးတဲ့ အနှစ်နှစ်ဆယ်လေတဲ့
ချစ်စရာကောင်းတဲ့ အပြုံးမျိုးနဲ့
သခင်သာခင်ရဲ့ လူဖမ်းနှုန်း
အခုထိ ကြမ်းတုန်းပါလားဗျ။
အားရပါးရ ဟားတိုက်ရယ်၊
ပြီးတော့ ပြန်တည်သွားတယ်
မြန်မာပြည်သစ်ကို ဆက်ဆောက်ပါ ရဲဘော်တဲ့၊
ကျုပ်လက်ကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်နှုတ်ဆက်
အခန်းထဲကနေ လှမ်းထွက်သွားတယ်၊

အိပ်မလို့ လှဲနေတုန်း
ခပ်ပြုံးပြုံးဝင်လာသူက ကိုဗဟိန်း
မင်္ဂလာပါ ရဲဘော်၊
ကျနော်နဲ့ အတူ ကိုဖုန်းမော်၊ ကိုအောင်ကျော်တို့လဲပါတယ်၊
တကသ ဘယ်တော့လောက် ပြန်ဆောက်ကျမလဲ
အာရှနဲ့ ပစိဖိတ်တက္ကသိုလ်၊
နိုင်ငံတကာ အဆင့်မြင့် နည်းပညာ ဗဟို
သစ်ပုပ်ပင်အိုဘေးမှာ ဆောက်ချင်တယ်ဗျာ၊
ဒါ ကျနော်တို့ရဲ့ အပြင်းပြဆုံး ဆန္ဒပါ၊
ရဲဘော်တို့ရဲ့ ဒီဇင်ဘာ အားလုံးကိုလဲ
လုံးဝ ဂုဏ်ယူပါတယ်ဗျာ၊
ကြင်နာစွာ ပွေ့ဖက်နှုတ်ဆက်
တယောပြားတလက်ကို တီးခတ်ရင်း
ကျုပ်ကို ဒို့ဗမာ သီချင်းတက်ပေးသွားတယ်။

ဘာသံတွေပါလိမ့် ဒီဘက်ကို လာနေတာ
သခင် ဖိုးလှကြီး မဟုတ်လား၊
အိပ်ပျော်ရဲ့လား ကိုရင်
ကျုပ်ဝင်ခဲ့မယ်နော်တဲ့
ဆင်မလိုက်နဲ့ သမိုင်းက လူတွေ
ကျုပ်နဲ့အတူ မနက်ဖြန်မနက် ချီကာဂိုကို ချီတက်ကြတော့မှာ
နိုင်ငံတကာ အလုပ်သမားမိတ်ဆွေအတွက်
ကိုရင်ရဲ့ နှုတ်ဆက်သ၀န်လွှာ ကျုပ်ယူသွားချင်တယ်ဗျာ။
ကျေးဇူးတင်လိုက်တာ အာဠာဝကကြီးရယ်
ရေးမယ် ကျနော်ရေးမယ်
တန်ဖိုးတံတား နက်နက်ရှိုင်းရှိုင်းကို ရေးမယ်
သမိုင်းဘီးဟာ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး ဆိုတာ
ရိုးပြတ်နံ့တွေ ကျုပ်အခန်းထဲ ရုတ်တရက် ရောက်လာလေသလား
သိပ်ဟုတ်တာပေါ့ဗျာ။

ခင်များအိပ်တဲ့အခန်းနွေးအောင်
ကျုပ်လက်ဆောင်အဖြစ် ကောက်လှိုင်းသစ် တထုံးယူခဲ့တယ်
အသေအချာလှည့်ကြည့်လိုက်တော့
ဆရာစံ
ဆေးတံကို ခဲရင်း
ဘုရင်ခံ ဆာဂျေအေ မောင်ကြီး
အသက်ဘယ်လောက်ကြီးကြီး
လက်သံကတော့ ပြောင်ဆဲပဲနော်။
ကျောကုန်းပေါ်က အရေစုတ်အောင်
နံပါတ်တုတ်နဲ့ အရိုက်ခံရဆုံးလူဟာ
ကျုပ်တို့ပဲ ဆက်ဖြစ်နေတာ
ဂလိုဘယ်ရွာမှာ ဘယ်လို စဉ်းစားကြမလဲ
ခင်များနဲ့ တိုင်ပင်ချင်သဗျာ၊
ပါလာတဲ့ ကောက်ညှင်းပေါင်းထုပ်ဖြေကျွေးရင်း
မိုးလင်းလုထိ ထိုင်ပြီး ဆွေးနွေးဖြစ်ကြတယ်။

"သား နိုးပြီလား" တဲ့
ဂရုဏာအပြည့်နဲ့ ဒီအသံ
ဟန်ဆောင်မှုကင်းတဲ့ ဒီရုပ်သွင်
ကျုပ်နှလုံးသားထဲ အမြဲရှင်သန်နေတဲ့
ဆရာကြီးမှိုင်း
ကပျာကယာထပြီး ခြေအစုံကို ကန်တော့မိ
"ဒီမိုကရေစီမရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူးသား၊
ပန်းတိုင် မရောက်ရောက်အောင် သွားကြ
အရိုးသားဆုံး ဆွေးနွေးကြကွာ" တဲ့
ဆရာမှိုင်းရဲ့ အမှာစကား
ဆရာမှိုင်း သင်္ကေတကြားမှာ အသက်ဝင် ရွေ့လျား
နှင်းဆီတပွင့်ဖြစ်သွားတယ်။

တပွင့်၊ နှစ်ပွင့်၊ သုံးပွင့်
တပွင့်ပြီး တပွင့်ဆင့်ဆင့်ပြီး
ပွင့်လာလိုက်တာ ဟောဒီ အာရုဏ်ဦးမှာ
ကျုပ်အခန်းဟာ နှင်းဆီ လွင်ပြင်ဖြစ်သွားတယ်။


ခဏအကြာမှာတော့ မျက်စိရှေ့မှာတင်ပဲ
နံရံတွေ ပြိုလဲကျ၊ သံတိုင်ညိုတွေ ကျိုးပြတ်ပျော့ခွေ
အရုပ်ဆိုးဆိုး အုတ်ရိုးမြင့်ကြီးတွေတောင်
တစစီ ကြေမွပြုတ်ထွက်
နက်နက်ခင်းနေခြည်အောက်မှာတော့
မြင်ကွင်းအားလုံး တောက်ပ ရွှန်းလဲ့
အောင်စည်ရွှမ်းသံ လွှင့်လွှင့်ပျံ
မိုးယံသိမ့်သိမ့်သာတော့တယ်။


5 comments:

SDL said...

အခုမှ ဖတ်ဖူးတယ် N3 /
ကူးယူသွားပါတယ်.

jurassic said...

ဒီကဗျာကို အရမ်းကြိုက်တယ်...ကျောင်းကိုလည်းသတိရတယ်
ကဗျာကောင်းလေးတင်ပေးတဲ့ အတွက် ကျေးဇူးတင်ပာတယ်ဗျာ

Anonymous said...

ကောင်းလိုက်တာ။ ကျေးဇူးတင်ပါတယ်။ ဘယ်လိုများ ကူးယူလို့ ရမလည်း ခင်ဗျာ။

ကြည် said...

အမ လည်း ဒါပထမဆုံးဖတ်ဖူးတာပါ နေနေ။
မျှဝေပေးတာ ကျေးဇူးပါ။

မြန်မာစာ said...

မင်္ဂလာပါဗျာ။ ကဗျာလေး ကောင်းတယ် ခင်ဗျ။