Pages

June 25, 2009

Busy Busy Busy!!

မနေ့ က ခွင့်ယူတယ်။ တစ်နေကုန် အိမ်မှာနေပြီး အိပ်နေ နားနေခဲ့တယ်။ ဒီနေ့ ကစပြီး လကုန်၊ လကုန်တောင် မဟုတ်ဘူး နောက်၃ လလောက် အလုပ်တွေ ရှုပ်တော့မယ်။

အလုပ်ရောက်ရောက်ခြင်း အီးမေးစစ်လိုက်တာ လုပ်စရာတွေအများကြီးပဲ။ Major Changes နှစ်ခု လုပ်ဖို့ ပေးထားတာ ၁ ခုပဲပြီး သေးတယ်။ ပြီးတယ်ဆိုတဲ့ တစ်ခုကလည်း အလုပ်သာလုပ်တာ တခြား အသေးအဖွဲ ပြောင်းစရာတွေရှိသေးတယ်။ အခု အဲဒီနှစ်ခု ဘယ်တော့ release လုပ်ပေးမှာလဲဆို တောင်းနေပြီ။ တစ်ခုခုကိုတော့ ဒီ အပတ်အတွင်း release လုပ်ပေးလိုက်မှဖြစ်မှာ။ တခြားလုပ်စရာတွေ ကရှိသေးတယ်။ လကုန်ခါနီးပြီ ဆိုတော့ လကုန် report ထွက်တဲ့အခါ outstanding ဆိုပြီး ကျန်မနေအောင် Workorder တွေကို ရှင်းရမယ် အလုပ်ကလည်း အရေးကြီးတယ်။ ဒါကလည်း အတော်ခေါင်းရှုပ်တယ်။ သူများရှင်းမရလို့  ကိုယ့်စီရောက်လာတဲ့ ပြဿနာတွေကို အဖြေတစ်ခုရအောင် ရှင်းပေးရအုံးမယ်။ ရှိသမျှ log တွေလိုက်ဖတ်၊ code တွေ လိုက်ဖတ်၊ ပြဿနာရဲ့ အရင်းအမြစ်ကို လိုက်ရှာ၊ နောင်ဒါမျိုးမဖြစ်အောင် ဘာတွေလုပ်ရမယ်ဆိုတဲ့ နည်းရှာပေး။ ကိုယ်နဲ့ တွဲအလုပ်လုပ်တဲ့ တစ်ယောက်ကတည်း သူ့ မှာ တခြား အလုပ်တွေ ရှိနေတယ်ဆိုတာ ခုနကတင်လာပြောတယ်။

ခုနောက်ပိုင်းက အလုပ်မှာ ထွက်သွားတဲ့သူတွေ အစားပြန်မခန့် တော့ အားလုံး အလုပ် ၂ခု ၃ ခု ပြိုင်လုပ်နေရတယ်။ အဲလိုလုပ်ရတာ အတော်ခက်တယ်။ Program ရေးတာကြီးပဲ နှစ်ခုသုံးခု လုပ်ရတာ အကြောင်း မဟုတ်ဘူး။ ကိုယ့်ဘာသာ အဆင်ပြေအောင် ညှိပြီး ရေးသွားလို့ ရတယ်။ အခုက အဲလိုမဟုတ်ဘူး။ Coding လေးရေးနေတုန်း ဟိုမှာ Production Application ယူဆာတွေ ၀င်မရပါဘူး ဘာဘာညာညာ ပြဿနာတတ်နေပါပြီဆို လုပ်နေတာလေးချထားပြီး အဲဒီပြဿနာရှင်းရရော။ Database လား၊ Network လား၊ Application Error လား ဘယ်ကဖြစ်လဲကြည့် ပြီးရင် Application down တာဆို ကိုယ်ရှင်းဖို့ ကြိုးစား၊ တခြားဟာတွေကဆို သက်ဆိုင်ရာ Departments တွေဖုန်းခေါ်၊ ပြဿနာကိုရှင်းပြပြီး သူတို့ ရှင်းတဲ့အထိစောင့်။ အဲဒီအချိန်မှာ ဟိုဘက်က တဂွမ်ဂွမ် ခေါ်နေတဲ့ ဖုန်းတွေကို ပြန်ဖြေရသေးတယ်။ Downtime အချိန်ကြာသွားရင် ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ဘာကြောင့်ပါဆိုတဲ့ Report ကတင်ရသေးတယ်။ အဲဒီပြဿနာက တာဝန်ယူထားရတဲ့ အလုပ်တွေမှာ အရေးအကြီးဆုံးအရာ။ အားလုံး အဆင်ပြေနေရင် ဘာမှလုပ်စရာမလိုပေမယ့် ဖြစ်ပြီဆို အသည်းအသန်ကြီးပဲ။

Application က ခနခန ပြဿနာမတတ်တော့ တစ်ခါတလေ ကြုံတာပဲ ကိစ္စမရှိပါဘူး Coding လေးတွေ အေးဆေးရေးပေါ့လို့  မတွေးနဲ့ ။ အဲဒါမပြင်ရှိသေးတာက Workorder တွေ။ Workorder တွေ ရောက်လာပြီး Urgent နဲ့  Medium ပဲရှိတယ်။ Urgent ဆို ချက်ချင်းအဖြေပေးရမှာ။ ၃ နာရီ အတွင်း။ အဲဒါတွေရောက်ပြီဆို ရေးလက်စ ဟာလေးချ၊ အဲဒီဘက်ပြောင်းလုပ်ရပြန်ရော။ ဒါကလည်း အမြဲ မဟုတ်ပါဘူး ပြောမရဘူး၊ တစ်လတစ်လ အဲလိုဟာက အခု ၂၀ကျော်တော့ လောက်တော့ရတာပဲ။ ဒါကလည်း ကိုယ့်ရဲ့ Major Task ထဲမှာပါတယ်။ Major ဆိုတော့ Coding ရေးတာက Minor လားဆို မဟုတ်ဘူး၊ ဟိုအလုပ်တွေက First Priority .. ချက်ချင်းဆို ချက်ချင်းရှင်းရမှာ။ ကိုယ်အဲဒါတွေလုပ်နေတယ်ဆို ဘယ်သူမှာ တခြားဟာ လာခိုင်းခွင့် မရှိတာမျိုး။ ဒါဆို Coding တွေရေးတာကရောဆို ဒါကလည်းချက်ချင်းရှင်းဖို့ မလိုပေမယ့် ပြီးရမယ့်နေ့ ဆို ပေးရမှာပဲလေ။ ကိုယ့်စီ assign လုပ်လို့  ကိုယ်က လက်ခံလိုက်ပြီဆိုကတည်းက ပြီးရမယ်ဆိုတဲ့ နေ့  အပြီးရေးပေးရမှာ ကိုယ့်တာဝန်ပဲ။ အရမ်းကို အခက်အခဲ ရှိနေမှသာ မလုပ်နိုင်တော့ပါဘူးဆို တခြားတစ်ယောက် လွှဲခွင့်ရှိတာ။ ဒါပေမယ့် လွှဲဖို့ ဆိုတာ အတော်ရှားပါတယ်။

တစ်နေ့ တစ်နေ့  Coding လေးတွေရေးလိုက်၊ ဟိုကရှုပ် ဒီကရှုပ် အလုပ်တွေရှင်းလိုက်၊ ကိုယ်ရေးလက်စဟာလေးတွေပြန်ကြည့်လိုက်၊ ခုနက ဘာရေးနေသလဲ စဉ်းစားလို့ မရ၊ အစကပြန်စဉ်းစား၊ နောက်ပြဿနာကပေါ်လာ၊ အဲလိုနဲ့  တစ်နေ့ တစ်နေ လုံးခြာလည်လိုက်နေတာပဲ။

နောက် စိတ်မချမ်းသာစရာတစ်ခုက နောက်လက စပြီး Deployment Manager ဆိုတဲ့ Position ကိုပါပြန်တွဲယူရတော့မယ်။ ၃ လ ယူရမယ်။ အဲဒါကိုယူလို အပေါ်က ရေးထားတာတွေ မလုပ်ရတော့ဘူး မထင်နဲ့  ဆက်လုပ်ရမှာပဲ။ Deployment Manager ကဘာလုပ်ရလဲဆို ရှိသမျှ Deployment တွေအကုန်အဆင်ပြေအောင် ပြဿနာဆိုတာမရှိအောင် တာဝန်ယူပေးရတာပါ။ ဘာမှမဟုတ်ပေမယ့် အတော်ခေါင်းစားတဲ့ အလုပ်။ အခုနောက်ပိုင်း အားလုံးအလုပ်များတယ်ဆိုတော့ လက်ရှိ ကိုယ့် Group က တာဝန်ယူထားတာ Application ၂ ခုရှိတာကြောင့် Deployment Manager လို့  နာမည်တပ်ထားတဲ့ ပိုစ့်မှာ လူနှစ်ယောက် အလှည့်ကြထားပေးရတယ်။ အခု ကိုယ်နဲ့ တွဲလုပ်ရမယ့် တစ်ယောက်က တစ်လျှောက်လုံး Coding ရေးတာကိုသာ အဓိကလုပ်တဲ့သူ၊ တခြား ဟာတွေလုံးဝ စိတ်ဝင်စားဘူး။ စကားကို လေလုံးကွဲအောင် မပြောဘူး။ အေးတာကလည်း အတော်အေးတယ်။ Coding ရေးတာတွေဆို ကိုယ့်တို့ ထက်သူက အများကြီး ကျွမ်းကျင်တယ်။ တနင်္လာ နေ့ ကတင် Project Manager ကပြောတယ် အဲဒီတစ်ယောက်ကို Deployment တွေကို တွဲခေါ်သင်ပေးပါတဲ့။ စိတ်ညစ်တယ်။ သိနေတယ်။ မမှားလုံးဝ မခံတဲ့ ကိစ္စ။ သူ မကျွမ်းကျင်တာ လူတိုင်းသိနေတော့ ကိစ္စတစ်ခုခုဆို ကိုယ်ပဲတာဝန်ယူဖြေရှင်းရမှာ။ ဒါက လကုန်စလာမယ့် အလုပ်တွေ။ အိမ်ပြန်ချိန်တွေ နောက်ကျတော့မယ်။

အခုလက်ရှိမှာ နောက်ထပ် ရှုပ်စရာတစ်ခု ရှိသေးတာက TimeSheet ဖြည့်ရတဲ့အလုပ်။ System အသစ်ပြောင်းသွားပြန်တယ်။ အဲဒီမှာ ဘယ်အချိန်မှာ ဘာတွေလုပ်ထားတယ် ဆိုတာ အတိအကျ ထည့်ရမယ်။ ပိုလိုမရ၊ လိုလို့ မရ။ ပိုတယ် လိုတယ်ဆို ဒါ Time Management ညံ့လိုပဲဆို Report မှာထွက်လာရင် ပြဿနာကတတ်အုံးမယ်။ ကုပ္မဏီအတွင်းဆိုပေမယ့် ဘယ် Department ကို Charge လုပ်ရမယ်ဆိုတာလည်း မှားလို့ မရဘူး။ Budget တွေကမတူဘူးလေ။ အရင်က ကိုယ်က မှားထည့်ရင်တော့ Project Manager ကပြင်ပေးလို့ ရတယ်။ အခုမရတော့ဘူး။ လကုန်ခါနီးတိုင်း ခေါင်းစားရတဲ့ ပြဿနာ။ PM က Team Meeting မှာ မှာတယ်။ ကိုယ် ညံ့တယ်ဆိုတာ အဖြစ်မခံကြပါနဲ့ တဲ့။ သူ့ အဖွဲ့ ကလူတွေ တစ်ခုခုဆို သူ မှာ ရှင်းလင်းချက်တွေပေးရလွန်းလို့ ပါလို့ ဆိုလာတယ်။ စဉ်းစားတာနဲ့ တင်ခေါင်းက ရှုပ်လာတယ်။

စိတ်ကိုလျှော့၊ စိတ်ကိုလျှော့။
တခြား ပြဿနာတွေက ရှိသေးတယ်။ အခု လုပ်ရမယ့် အလုပ်ကို အာရုံစိုက်၊ တစ်ပြဿနာပြီး တစ်ပြဿနာကနေ ဟိုဟာရှင်းမရ ဒီဟာရှင်းမရနဲ့  ပြဿနာပေါင်း သောင်းခြောက်ထောင်မက ဖြစ်သွားမယ်။

စိတ်ရှုပ်ရှုပ်နဲ့  အလုပ်က လုပ်စရာရှိတာတွေ ချရေးလိုက်တယ်။ ဖတ်ရင်းခေါင်းရှုပ် သွားသလား။ ဒီလိုပါပဲ။ လူတိုင်းသူ့ ဟာသူတော့ ရှုပ်နေကြတာပါပဲ။ စိတ်ပင်ပန်းတာတွေ အသာထားလို့ လုပ်စရာရှိတဲ့ အလုပ်တွေစပြီး လုပ်ပါတော့မယ်။

ကောင်းသောနေ့  ဖြစ်ပါစေ။

9 comments:

Sweet Sweet said...

အောင်မလေး ဖတ်ရတာတောင် မနေနေအစား ရင်မောသွားတယ်။ တော်တော်လေးတော့ အလုပ်တွေများအုံးမယ် ဆိုတော့ အလုပ်တွေများတဲ့ကြားက ပိုစ့်တွေလဲတင်ပေးပါအုံးနော်။ စောင့်ဖတ်နေပါတယ်။

ကြည် said...

ပိုစ့်ကိုဖတ်ပြီး အလုပ်ရှုပ်နေမဲ့ပုံကိုမြင်ယောင်နေပြီ။ ကျန်းမာရေးကိုဂရုစိုက်နော်။ ကောင်းသောနေ့ဖြစ်ပါစေ။

Anonymous said...

ရှုပ်နေတာတွေ ရှင်းပြီးရင် ရှင်းနေတာတွေ ရှုပ်လိုက်အုံး။
mm

နွေးနေခြည် said...

70% တူပါတယ် အမရေ...

Ko Boyz said...

အော်.. မာဖီးယားမှာ လယ်ဗယ် အတက်နှေးတော့မယ်လို့ ဆိုလိုချင်တာ တူပါရဲ့။
တစ်နေ့တစ်ခါတော့ Energy လေးတော့ ပုံမှန်ပို့ပေးပါရှန့်...။

khin oo may said...

တော်တော်ရှုပ်တာဘဲ။။ နားထောင်တာတောင် မလွယ်ဘုး .လုပ်တတ်ဘို့နေနေသာသာ...

Anonymous said...

ဟုတ်ပ နေနေရယ် ။ မခင်ဦးမေပြောသလိုပဲ လုပ်တတ်ဖို့နေနေသာသာ ဖတ်တာတောင် ဘာမှမသိ။ ဟိဟိ။ ဒါ့ကြောင့် လယ်မစိုက်နိုင်တော့တာကိုးးးး။
ရိတ်သိမ်းချိန်လွန်နေပြီ။

အမခင်မင်းဇော်

rose of sharon said...

တော်တော်ရှုတ်တဲ့အလုပ်တွေဘဲ...ပင်ပန်းလိုက်မဲ့ဖြစ်ခြင်း...

Ko Boyz said...

လယ်သာ မစိုက်တာ.. မာဖီးယားမှာတော့ လယ်ဗယ်တွေ တက်လို့...။