Pages

March 22, 2007

Window Vista

ပြီးခဲ့တဲ့ အလုပ်ပိတ်ရက်က ကျွန်မရဲ့ ကွန်ပြူတာမှာ Window Vista Install လုပ်ဖြစ်သွား ပါတယ်။ Vista စပေါ်ထဲက သွင်းမယ် စိတ်ကူးနေခဲ့ပေမယ့် OS တစ်ခု ပြောင်းသွင်းရင် ကိုယ်သုံးနေကြ၊ လိုမယ့် Software တွေ ပြန်သွင်းရင် အချိန်ကုန်မှာ တွေးပူနေတာရယ်.. အလုပ် မအားတာရယ်နဲ့  ခုမှပဲ သွင်းဖြစ်သွားတော့တယ်။

အစက Window Vistaကို ခုမှပေါ်တဲ့ OS အသစ်လည်း ဖြစ်တာရယ်... Licensed Version ရမှာ ရယ်ကြောင့်သာ သွင်းကြည့်လိုက်တာပါ။ အသစ်ဆို စမ်းသုံးကြည့်ချင်တယ်။ ဒါပေမယ့် Priated Version ကိုတော့ မသုံးချင်ပါဘူး။ Microsoft က ထွက်တဲ့ OS တွေဆို သူက ထုတ်လိုက် သူများက breakလုပ်လိုက် သူက fix ပြန်လုပ်လိုက် နဲ့ ဆိုတော့ Licensed Version သုံးမှ Update အမြဲ လုပ်နိုင်တာမို့  သုံးရတာ အဆင်ပြေ ပါတယ်။ Priated Version သုံးရင် အကောင်ကိုက်ခံရဖို့ ပိုလွယ်တယ် ထင်တယ်..

Window Vista မှာက ပိုဆိုးပါတယ်။ အရင် Microsoft Windows တွေတုန်းက ကိုယ့်စက်မှာ Installation လုပ်ပြီး Activation မလုပ်ပဲ သုံးလို့ ရပေမယ့် ခု Window Vista မှာတော့ မရတော့ပါဘူး။ Installation လုပ်ပြီး၊ ရက် ၃၀အတွင်း Activation လုပ်ရ ပါတယ်။ မလုပ်ရင် ရက် ၃၀ ကျော်တာနဲ့ တချို့  Functions တွေ အလုပ် မလုပ်တော့ပါဘူး။ ဟိုတလောကတောင် Window Vista ကို National CD မှာ ၀ယ်ပြီး သုံးကြတယ့် သူတွေ၊ ရက် ၃၀ ကျော်ရင် သုံးလို့ မရတော့ဘူးဆိုပြီး ပြောနေသံတွေကြားရပါသေးတယ်။ ခု ကျွန်မ ကွန်ပြူတာမှတော့ Window Activation လုပ်ထားလိုက်ပါတယ်။
Vista သွင်းတုန်းက စစသွင်းခြင်း Network Cardကို မသိလို့ ကျွန်မ အတော်လေး အလုပ်ရှုပ်သွားရသေးတယ်။ တော်ပါသေးတယ်။ သူငယ်ချင်းရဲ့ ကွန်ပြူတာသုံးပြီး Driver ကို အင်တာနက်မှာ ရှာပြီး Install လုပ်မှ အဆင်ပြေသွားတော့တယ်။ ပထမ Sound Card ရော Network Card ပါ အလုပ်မလုပ်တာပါ။ အင်တာနက်လည်း ရရော Sound Card က အလိုလို အဆင်ပြေသွားတယ်။ Vista က စက်ထဲမှာ ရှိနေတဲ့ဟာတွေကို ကျွန်မ Driverရှာပေးစရာ မလိုပဲ Auto Install လုပ်သွားတာပါ။ အရင် Window XP သုံးတုန်းက ကျွန်မ Computerက တချို့  Hardware တွေအတွက် Driver သတ်သတ်ရှာပြီး သွင်းရသေးတယ်။ ခုတော့ မလို့ တော့ပါဘူး။ ဒီတစ်ခုတော့ သဘောကျမိတယ်။

Vista က Hardware Requirement က အရမ်းများတယ်။ ကျွန်မထင်တာတော့ Graphic Card တောင်းတာ များတယ် ထင်တယ်။ ကျွန်မ့ကွန်ပြူတာမှာ Window Experience Index Score ကို ကြည့်လိုက်တော့ Rating 2.0 ပဲ ရှိတယ်။ ဘာလို့ လည်းသေချာကြည့်တော့ Graphics မှာ နည်းနေတာပါ။ အင်တာနက်မှာ လိုက်ကြည့်တာ ကျွန်မကွန်ပြူတာနဲ့  ကျန်တဲ့ Specifiaction တွေ အတူတူလောက်ရှိတဲ့ ကွန်ပြူတာ၊ ဒါပေမယ့် က Graphic Card Memory 256 ရှိတာဆို Rating 4.0 ကျော်ကျော်ရှိပါတယ်။ ကျွန်မလည်း Rating လေးတော့ ကောင်းစေချင်ပေမယ့် Graphic Card Memory 256 or 512 ရှိတာ ထပ်ဝယ်ပြီး၊ လက်ရှိ ရှိနေတဲ့ 128 ကို လွှတ်မပြစ်နိုင်ဆိုတော့ 2.0 နဲ့ ပဲ ဆက်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။


ဒါပေမယ့် Rating 2.0 ပဲ ရှိတယ်ဆိုပေမယ့် Window Areo Feature ရပါတယ်.. ဘာရယ်တော့မဟုတ်ဘူး Vista က တခြား Windows တွေ နဲ့  သုံးရတာ အတော်လေးကွာခြားတယ်၊ ပြီးတော့ အဲ့ဒီ Areo Feature ကြောင့် ကြည့်ရတာ အရမ်းလှတယ် ထင်မိတယ်။ Frame လေးတွေက အရောင် ကြည်ကြည်လေးတွေ။ ခုမှ စသုံးလို့ သာ အချို့ ဟာတွေက အရင် Windows တွေနဲ့  မတူလို့  တမျိုးဖြစ်နေတာ နောက်ပိုင်းတော့ အဆင်ပြေသွားမယ် ထင်ပါတယ်
ဒီမှာက ဘဘောခ့်တွေကိုကြည့်ထားတာ... ဒီ Feature လေးသဘောကျလို့  ပါ။ Microsoft Window မှာ ခု Vista မှ အဲ့ဒီ Features တွေပါပေမယ့် Linuxမှာအဲ့ဒီ တွေရှိနေတာကြာပါပြီ။ Vista က Frame လေးတွေက ကြည်တာပဲ ရှိသေးတယ် Linux မှာက Frame ကိုကိုင်ပြီး လိုက်ရင် လှုပ်တုတ်လှုပ်တုတ်နဲ့ ရွှေ့ သွားသေးတယ်။ ဒါပေမယ့် Windows က ကိုယ်သုံးနေကြ OS ဖြစ်တော့ နည်းနည်းအားပေးလိုက်ဦးမယ် ....


Microsoft က Window Vista ကို ၄ မျိုး ထုတ်ပါတယ်။ Home Basic, Home Premium, Business နဲ့  Ultimate Version တွေပါ။ ကျွန်မ့ ကွန်ပြူတာမှာ ခု Install လုပ်ထားတာ Business Version ပါ။ အဲ့ဒီ Editions တွေမှာ ဘာ Features တွေပါလဲ၊ ဘာတွေကွာလဲ နှိုင်းယှဉ်သိချင်ရင် ကြည့်ရလွယ်အောင် လင့်ထည့်ပေးထားပါတယ်။

Related Link : Microsoft Window Vista ,
Window Vista : Compare Editions

March 21, 2007

Your Tax or Your Passport - Today News

ဒါနေ့ ထုတ် Today သတင်းစာ ပထမဆုံးစာမျက်နှာမှာပါတဲ့ Your Tax or Your Passport .. - Jasmin Yine ဖတ်ပြီး ပြီးခဲ့တဲ့လက ရန်ကုန်မပြန်ခင်လေးတင် ဒီနိုင်ငံက မြန်မာသံရုံးမှာ အခွန် ၂ နှစ်စာ သွားပေးလိုက်ရတာကို သတိရတယ်။ ရှာထားသမျှ ပိုက်ဆံကုန်သွားတာပါပဲ။ တကယ်တော့ ဘယ်ပေးချင်ပါ့မလဲ။ ဒါပေမယ့် မပေးရင် အိမ်ပြန်လို့ မရနိုင်တဲ့ အတွက် မပေးချင်လည်းပေး ရတော့တာပေါ့။ ဒီနိုင်ငံမှာ မြန်မာသံရုံးကို လခရဲ့ ၁၀% ကို အခွန်အဖြစ်ပေးချင်လွန်းလို့ ပါဆိုပြီး ပေးနေသူ တစ်ယောက်မှ ရှိမယ် မထင်ပါဘူး။ passport အသိမ်းမခံနိုင်ကြလို့ သာ.....

ကျွန်မ အလုပ်မှာ ကျွန်မတို့  မြန်မာတွေဟာ စင်္ကာပူအစိုးရကို Tax ပေးရယုံမက မြန်မာ အစိုးရကိုလည်း လခရဲ့ ၁၀ % ပေးရသေးတယ်။ Double Tax ပေးရတဲ့ အကြောင်းပြောပြတော့ အလုပ်က လူတွေက မယုံဘူးတဲ့။ မဖြစ်နိုင်ဘူးလို့  ပြောပါတယ်။ ခုတော့ သူတို့ ကို ဒီနေ့ ထုတ် Today သတင်းစာပြပြီး Myanmar တွေ Double Tax ပေးရှိတယ်ဆိုတာ သက်သေပြလိုက် ပါတယ်။ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါပဲ။ ကြားရတာကတော့ အဲ့ဒီပွဲကို မြန်မာသံအမတ်ကြီးကို ဖိတ်ပေမယ့် မအားလို့ မလာဖူးပြောတယ်တဲ့။ မအားလို့ မဖြစ်နိုင်ပါဘူး၊ မလာရဲတာပဲနေမှာ။
ဒီကိစ္စအတွက် ကြိုးစားလုပ်ကိုင်နေသူများ အားလုံးကို လေးစားပါတယ်။ အမှန်တရာ ဖေါ်ထုတ်ရဲတဲ့ သတ္တိကို ချီးကျူးပါတယ်။ ဒီက မြန်မာ အားလုံးကိုယ်စား ကျေးဇူးလည်း တင်ပါတယ်။ အောင်မြင်ကြပါစေ။

ဒီသတင်းကို ဖတ်ဖြစ်အောင် သတင်းပေးတဲ့ ကိုအော့နဲ့ ပီစပိရစ်ကို ကျေးဇူးတင်ပါတယ်။

Other Related Link :
Avoidance of Double Taxation - Blog
Avoidance of Double Taxation - Yahoo Group
Double Tax and Me - N3

March 17, 2007

The Road Not Taken

ဒီကဗျာကို ဘာသာပြန်ထားတာ စာအုပ်တစ်အုပ်မှာတွေ့  လို့ ကူးချထားတာ။ ဒီထက် ကောင်းကောင်း ဘာသာပြန်ထားတာလေး ရရင်လိုချင်တယ်။ ကိုယ်တိုင်ကလည်း ဘာသာပြန်မရတော့ ဘာသာပြန်တတ်သူများ ရေးပေးရင် ကောင်းမယ်..... ခုတော့ ရှိတာလေးပဲ တင်ထားလိုက်တော့တယ်...

Robert Frost, published in 1916 in his collection Mountain Interval.
Two roads diverged in a yellow wood,
And sorry I could not travel both
And be one traveler, long I stood
And looked down one as far as I could
To where it bent in the undergrowth;

ညိုဝါရွှေမှော်ရုံတောထဲ လမ်းနှစ်မြွာဖြာဝင်သွားတယ်၊
ခရီးသည်က ကိုယ်တစ်ယောက်တည်းရယ်
နှစ်သွယ်လမ်းကို ပြိုင်တူမလှမ်းနိုင်လို့  ၀မ်းပါးရသေးတယ်၊
ကွယ်... ဘယ်တတ်နိုင်ပါ့၊ မတ်တတ်ရပ်ပြီး မျက်စိတစ်ဆုံးလှမ်းမျှော်ကြည့်၊
အဲ့သည်လမ်းကလေး ချုံပုတ်တွေအောက် ကွေ့ ကောက်ဝင်သွားတဲ့ ဆီအထိ။

Then took the other, as just as fair,
And having perhaps the better claim,
Because it was grassy and wanted wear;
Though as for that the passing there
Had worn them really about the same,

နောက်တော့ သာတူညီမျှဖြစ်အောင် နောက်တစ်လမ်းကို အကဲခတ်ကြည့်၊
သူကတော့ သာယာမှုအပြည့်နဲ့  ညွတ်နူးစွာလက်ကမ်း၊
ခြေလှမ်းတွေကို ငံ့မျှော်နေတဲ့ မြမြက်ခင်းစိမ်းတွေအပြည့်၊
တစ်ခုတော့ရှိသပေါ့၊ သည်လမ်းကို ဖြတ်ရင်
ဖြတ်သူလည်းပန်း မြက်လည်းနွမ်းမှာ အသေအချာပင်။

And both that morning equally lay
In leaves no step had trodden black.
Oh, I kept the first for another day!
Yet knowing how way leads on to way,
I doubted if I should ever come back.

အဲသည်မနက်မှာ အဲသည်လမ်းနှစ်မြွှာ ငြိမ်သက်စွာလဲလျောင်းလို့ 
အနင်အချေမခံရသေးတဲ့ ရွက်ကြွေတွေ ဖြန့် ခင်းလို့ ၊
ငါ ပထမလမ်းကို နောက်နေ့ အတွက် ချန်ထားလိုက်တယ်၊
တစ်လမ်းလျှောက်မိရင် နောက်လမ်းတွေဆီ ခရီးပေါက်မယ်ဆိုတာသိကာထား
ငါပြန်လမ်းမှ ရှိပါဦးမလား သံသယတောင်ဝင်မိသေး။

I shall be telling this with a sigh
Somewhere ages and ages hence:
Two roads diverged in a wood, and I—
I took the one less traveled by,
And that has made all the difference

သည်အကြောင်းကို ငါသက်ပြင်းကြီးကြီးချပြီး ပြောပါရစေ
နှစ်တွေအသင်္ချေကြာခဲ့တုန်းက ထိုတစ်နေရာမှာလေ၊
ညိုဝါရွှေတောအုပ်ကြား လမ်းနှစ်မြွှာဖြာဝင်သွား၊
လူသူခြေမချသေးတဲ့လမ်း ငါရွေးလှမ်းခဲ့တယ်၊
အဲ့သည်ရွေးချယ်မှုက အရာရာတိုင်းကို ထူးခြားမှုတွေ ဖြစ်စေခဲ့တာပေါ့ကွယ်။

March 16, 2007

သံသရာရေစီးထဲမှာ - ဇော်ဝင်းထွဋ်

ညက ဒီသီချင်းလေး နားထောင်ဖြစ်ရင်း ဟို... ကျောင်းတက်တုန်းက အချိန်တွေကို သတိရသွားတယ်။ ဒီသီချင်းတွေကို မကြာခဏ နားထောင်ဖြစ်တုန်းက အချိန်တွေ.... ကျောင်းတော်ကြီးရယ်၊ သူငယ်ချင်းတွေရယ်. အထူးသဖြင့် Morrell Hall မှာ နေခဲ့ရတဲ့ အချိန်တွေ... Gispy Lane မှာလမ်းလျှောက်ခဲ့တာတွေ... အများကြီးပါပဲ.....

သံသရာရေစီးထဲမှာ
ရေး - ဆောင်းဦးလှိုင်
ဆို - ဇော်ဝင်းထွဋ်

အချိန်တန်ရင် ထွက်ခွါသွား ရထားတစင်းထဲ
လူဆိုတဲ့ ခရီးသည်တွေ အဆင်းအတက်နဲ့ 
သံသရာရယ် စက်ဝိုင်း တစ်ခုလိုပဲ
မသေချာစွာ လည်ပတ်တုန်းပါကွယ်

ဒါဏ်ရာတွေ ရှုပ်ပွကာ အသည်းကြွေမှ
လူတွေဟာ ဘ၀အသိ မှန်ရတော့မှာလား
အားလုံးပဲ
မကောင်းကြတော့ဘူး

အရှေ့ ဖက်ဆီ ရောင်နီဦး အလင်းရောင်သန်းလုပြီ
သံဝေဂများစွာ ဒီလူ့ ဘဝ
အမှောင်နဲ့  အလင်းရဲ့ ကိုယ့်အသည်းကြား
ရင်ထဲရှိတယ် သီချင်းလေး အဆုံးမသတ်တော့

နွေဂိမာန် ၀ဿန်မိုးစက် ဟေမန်နှင်းထဲ
မရပ်မနားသွားနေ ဒီခရီးရထား
မွေးဖွားခြင်းနဲ့  သေဆုံးခြင်းကြား
အချိန်နဲ့  တို့ ကမ္ဘာလည်ပတ်မှု့ မ ရပ်သရွေ့ တော့

March 15, 2007

H5N1သတင်းများနှင့် အတွေးများ

ကျွန်မ ရန်ကုန်ပြန်ရောက်ပြီး သိပ်မကြာခင်မှာ နိုင်ငံခြားက သူငယ်ချင်းတွေက စိုးရိမ်တကြီးနဲ့  ကြက်သားမစားနဲ့  ရန်ကုန်မှာ ကြက်ငှက်တုတ်ကွေးဖြစ်နေတယ်လို့  ပြောတယ်ရှင့်။ သူတို့ သာ စိုးရိမ်နေတာ... ကျွန်မတို့  ရန်ကုန် မြို့ တော်ကြီးမှာတော့ အေးဆေးပါပဲ။ အဲ့ဒီ မနက်ကတင် ကျွန်မ ကြက်သားဟင်းနဲ့  ထမင်းစားလိုက်သေးတယ်လေ... ကျွန်မလည်း အိမ်ကိုပြောလိုက်တယ် ကြက်သားမစားပဲ နေလိုက်ကြဦးလို့ ။ အိမ်ကလူတွေက ငါတို့ တောင်ဒီသတင်းမသိဘူး.. နိုင်ငံခြားက သူတွေက ဘယ်လိုသိရတာလဲတဲ့။

စစ်အစိုးရက သူတို့ သူတို့ သတင်းကလွဲရင် တခြားဘာသတင်းမှ ထဲ ထည့်ချင်တာ မဟုတ်ဘူး။ တခြား သတင်းတစ်ခုကို မထည့်မဖြစ် ထည့်ရတော့မယ်ဆိုရင်တောင် သတင်း အမှန်အတိုင်း ထည့်တယ်ဆိုတာ ခုခေတ်သတင်းစာတွေမှာ မရှိဖူးဆိုတာ ကျွန်မတို့  အားလုံး သိနေကြတာပါပဲ။ မြန်မာ့ သတင်းစာတွေမှာ သတင်းတွေ မပါတာ၊ သတင်းအမှားတွေ ပါတာကို အထူးအဆန်းလုပ်ပြီး ပြောနေဖို့ တောင် လိုမယ် မထင်တော့ပါဘူး။

နောက်တစ်ရက်ကြတော့ ကျွန်မ့သူငယ်ချင်း ဆရာဝန်တစ်ယောက်က ဖုန်းဆက်ပြီး ကြက်သားလုံးဝ မစားပါနဲ့ လို့ ပြောပြန်တယ်ရှင့်။ ကျွန်မ နေတဲ့ နေရာက စိုးရိမ်ရတဲ့ နယ်မြေ၊ ရောဂါစတွေ့ တဲ့ နယ်မြေ နဲ့  ကပ်လျက်ပါ။ နောက်ရက်ပိုင်း ကြားရတာတွေအရတော့ မရမ်းကုန်အပိုင်းမှ မွေးမြူရေးခြံတစ်ခြံမှာ ရောဂါစတွေ့ ပြီး သေတဲ့သူတွေရှိတယ် လို့ သိရတယ်။ နောက်ရက်ပိုင်းတော့ သတင်းစာမှာလဲ ကြက်ငှက်တုတ်ကွေးရောဂါပိုးတွေ့ ရှိလို့  မရမ်းကုန်မြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်တွေမှာ ကြက်ငှက် ရောင်းဝယ်မှုနှင့် သယ်ယူပို့ဆောင်ခြင်းများကို ကန့် သတ်ထားတဲ့ သတင်းပါလာ ပါတယ်။ ဒါပေမယ့် အဲ့ဒီ ရောဂါကြောင့် လူသေတဲ့ အကြောင်း မပါပါဘူး။ အဲ့ဒီ သတင်တွေကြောင့် ကျွန်မမှာ စားချင်တဲ့ အစားအစာတွေ မစားလိုက်ရတော့ပါဘူး။

အမေကလည်း အိမ်က လူတွေကို အပြင်မှာ ကြက်သားမစားဖို့ မှာနေတာတွေ့ ရတယ်။ နောက် အမေက ပြောတယ်...တို့  တွေသာ စိုးရိမ်တကြီးနဲ့  ကြက်သား၊ ကြက်ဥ မစားဘူးဆို လုပ်နေတာ .. ရပ်ကွက်ထဲက တချို့ အိမ်တွေမှာ တော့ ခုရက်ပိုင်း ကြက်သားပဲ ချက်စားနေကြတယ်တဲ့လေ.. အဲ့ဒီ ကြက်ငှက်တုတ်ကွေး သတင်းကြောင့် ကြက်သားဝယ်သူနည်းပြီး ဈေးတွေကျကုန်လို့ ...အရင်က ကြက်သားဈေးကြီးလို့  မစားနိုင်သူတွေက ခုဈေးကျတုန်းလေး စားလိုက်ဦးမယ်ဆိုပြီး ၀ယ်စားနေကြတယ်လို့  ပြောပါတယ်။ ကြက်ငှက်တုတ်ကွေးက ကျက်အောင် ချက်စားရင် စားတဲ့ သူကို မကူးပေမယ့် အစားအသောက် ချက်တဲ့ သူကိုတော့ ကူးနိုင်တာပဲလေ။ အဲ့ဒီကတဆင့် ကျန်တဲ့ သူတွေကိုရော ကူးနိုင်တာပေါ့။ ဒါကို မကြောက်ကြဘူး။ အမေပြောတာ နားထောင်ပြီး ကျွန်မမှာ .... တို့ ဗမာတွေ ကျန်းမာရေး အသိစိတ် နည်းပါးပြီး ဒီလောက်တောင် ငတ်နေကြပြီလား ဆိုပြီးပဲ ၀မ်းနည်းရမလား၊ တို့ ဗမာတွေ သေရမှာတောင် မစိုးရိမ်၊ မကြောက်ရွံ့ ပဲ ရဲရင့်ကြတယ်ဆိုပြီးပဲ ဂုဏ်ယူရမလား... ဘယ်လို တွေးရမယ်မှန်း မသိဘူး ဖြစ်သွားခဲ့ရ ပါတယ်။

ခုရက်ပိုင်း မြောက်ဥက္ကလာပမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် မှာရှိတဲ့ မွေးမြူရေးခြံတွေမှာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး ထပ်တွေ့ ရတယ်လို့  ခေတ်ပြိုင်သတင်းမှာ တွေ့ လိုက်ရတယ်။ ဖေဖော်ဝါရီလကုန်နှင့် ယခုလဆန်းမှာ မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ က ကြက်အသေကောင်တွေမှာ တွေ့ ရတဲ့ ရောဂါပိုးကလည်း ကြက်ငှက်တုပ်ကွေး ရောဂါပိုး H5N1 ဖြစ်သည်ဟု FAO နှင့် USAID တို့မှ ကျွမ်းကျင်သူ ပညာရှင်များက အတည်ပြုကြောင်း ရေးသားထားပါသေးတယ်။ အသေးစိတ်ကို ခေတ်ပြိုင် မှာ ဖတ်လို့ ရပါတယ်။ မြန်မာသတင်းစာတွေမှာ လိုက်ရှာကြည့်တာတော့ အဲ့ဒီ သတင်းအကြောင်း၊ ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွါးမှု့ တွေ အကြောင်း နောက်ထပ် သတင်းအသစ် ထပ်ရေးထားတာ မတွေ့ ရသေးပါဘူး။

ဒါပေမယ့် ဟိုရက်ကတော့ ကြက်တွေ ငှက်တွေ အကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရသေးတယ်. ၁၀ မတ် ၂၀၀၇ ထုတ် မြန်မာအလင်း သတင်းစာ မှာ ပါရှိတဲ့ ...ရန်ကုန်တိုင်းက မြို့ နယ်တချို့ မှာ ခုရက်ပိုင်းအတွင်း ငှက်တွေ ပျံနေရင်းမြေကျသေဆုံးရတာ ဘာကြောင့်လည်းဆိုတာ စမ်းသပ်စစ်ဆေးတွေ့ ရှိချက်အဖြေများ ထုတ်ပြန်ပေးတဲ့ သတင်းပါ ။
ဟိုရက်ပိုင်း သတင်းစာတွေမှာ ငှက်တွေမြေကျသေတယ်ဆိုပြီး သတင်းပါလာဖူး ပါတယ်။ (ဒီမှာ ကြည့်ပါ)။ ခုသတင်းမှာတော့ ငှက်တွေ မြေကျသေဆုံးရတဲ့ ဘာရောဂါတွေကြောင့် သေဆုံးရတယ်ဆိုတာပါ ပါတယ်။ ကြက်ငှက်တုတ်ကွေးရောဂါကြောင့် သေဆုံးတာ တစ်ကောင်မှ မပါ ပါဘူးရှင်။ ... ငှက်တွေ ဘာလို့ မြေကျသေလဲ။ သူတို့ တွေ မြေကျ သေရတာ... အပူရှပ်လို့ ၊ နာတာရှည် အသက်ရှူလမ်းကြောင်း ရောဂါကြောင့်၊ အူရောင်ရောဂါ၊ ကျောက်ပေါက်ရောဂါ၊ အဆိပ်လက္ခဏာ၊ ထိခိုက်ဒဏ်ရာကြောင့် ပါတဲ့။ တော်တော် ရောဂါများတဲ့ ငှက်တွေပဲနော်..

အင်း... ဒီသတင်းလေးဖတ်ရင်း.. အဲ့ဒီ ငှက်တွေ အားလုံး မြေကျသေရတာဟာ ကြက်ငှက်တုတ်ကွေး ရောဂါကြောင့် မဟုတ်ဘူး..... လောက်လေးခွစာ မိသွားလို့  သေကုန်ကြတာဆိုပြီး သတင်းမထုတ်ပြန်လိုက်တာ တော်သေးတာပေါ့ လို့  တွေးမိပါရဲ့ရှင်...

Source : မြန်မာအလင်း သတင်းစာ၊ ကြေးမှုံ သတင်းစာ၊ ဧရာဝတီ အင်တာနက် မဂ္ဂဇင်း ၊ ခေတ်ပြိုင် ဂျာနယ်

March 13, 2007

လိုချင်တဲ့ ဘဝ


မရနိုင်တာတွေကို တောင်းတမနေပဲ
ရနိုင်တာတွေကိုသာ ကျေနပ်တန်ဖိုးထားနေတဲ့ ဘ၀။

မဖြစ်နိုင်တာတွေကို စိတ်ကူးယဉ်မနေပဲ
ဖြစ်နိုင်တာတွေအတွက်သာ ကြိုးစားနေတဲ့ ဘ၀။

စိတ်ညစ်စရာတွေကို သတိရမနေပဲ
စိတ်ချမ်းသာစရာတွေကိုသာ အမြဲမှတ်မိနေတဲ့ ဘ၀။

ဖြစ်ချင်တာ အားလုံး အမြဲတမ်း၊ ဖြစ်မနေနိုင်မှန်း သိပေမယ့်...
တခါတလေတော့လည်း ဆုတောင်းတွေထဲကလို
ဘ၀ နဲ့  ဆန္ဒ တထပ်တည်းကျချင်တယ်။

wxWidgets

wxWidgets ဆိုတာ Cross Platforms မှာသုံးလို့ ရတဲ့ GUI တည်ဆောက်တဲ့ toolkit တစ်ခုပါ။ wxWidgets သုံးထားတဲ့ GUI တွေဟာ တခြား ဟာတွေထက်စာရင် ပိုပြီး အဆင်ပြေတယ်။ အင်း.. သူကတော့ native look and feel လို့  ပြောထားပါတယ်။ ခက်တယ်.. တချို့ စကားလုံးတွေက ကိုယ့်ဟာကိုတော့ သိပေမယ့် ပြန်ရေးဆို မရေးတတ်တော့ဘူး။ ထားပါ .. wxWidgets အကြောင်း ဆက်ပြောဦးမယ်။


ဒီ wxWidgets Library ကို C++ သုံးပြီးရေးထားတာပါ။ wxWidgest ကို လာရှာကြည့်မယ်ဆို C++ အတွက် Framework ဖြစ်တယ်ဆိုပြီး ရေးထားတာတွေ တွေ့ ရတယ်။ C++ တစ်ခုအတွက် သုံးလို့ ရတာ မဟုတ်ဘူး။ တခြား Programming Langauges တွေမှာလည်း သုံးလို့ ရပါတယ်။ BASIC (wxBasic), Common Lisp (wxCL), D programming (wxD), Eiffel (wxEiffel) , Erlang (wxErlang), Haskell (wxHaskell), Java (wx4j), JavaScript (wxJS), C#/.NET (wx.NET), Lua programming (wxLua), Perl (wxPerl), Python (wxPython), Ruby (wxRuby), Smalltalk (wxSqueak) တွေမှာ ခုလက်ရှိ သုံးနိုင်ပါတယ်။ wxWidgets က လက်ရှိ support လုပ်တဲ့ Porgramming Lists ကို ကြည့်လိုက်တာ တချို့  Programming Langauges တွေကိုဆို ကျွန်မ ကြားတောင် မကြားဖူးဘူး။ နောက်ထပ် တခြား programming langauges တွေမှာ သုံးလို့ ရအောင် ဆက်ပြီ develope လုပ်နေကြတယ် သိရပါတယ်။

wxWidgets ဟာ Cross Platforms လို့ ပြောထားတာနဲ့  ဘယ် platforms တွေမှာ သုံးလို့ ရလဲ သိချင်လို့  ရှာကြည့်လိုက်တော့ Windows, Apple Macintosh, Linux/Unix (X11, Motif, and GTK+), OpenVMS နဲ့ OS/2 တွေမှာ သုံးနိုင်တယ်သိရတယ်။ နောက်ပြီး embedded system မှာ သုံးလို့ ရအောင်လုပ်နေတာက under developement လို့  ပြောထားတော့ ဒီထက်ပိုပြီး နာမည်ကြီးလာဦးမယ် ထင်ပါတယ်။

"wxWidgets enables a program to compile and run on several computer platforms with minimal or no code changes." တဲ့.. ကျွန်မတို့ လို software developer တွေ အကြိုက်ပေါ့။ ဘာမှ code တွေပြောင်းစရာမလိုပဲ Platform အကုန်မှာ အဆင်ပြေနေရင် ပိုတောင် ကြိုက်သေးတယ်။ ဘာမှ ရေးစရာမလိုရင် ပိုတောင် ကြိုက်ကြဦးမယ်ထင်တယ်။

wxWidgets က Native AIPs တွေကို ခေါ်သုံးထားတာသိရတယ်။ ဒီလို Native APIs တွေကို ခေါ်သုံးရင် အပြင်အဆင် အဆင်ပြေရုံတင်မက တခြား Custom APIs တွေကို သုံးပြီး ရေးထားတာထက် ပိုလည်း မြန်တယ်။ " wxWidgets code prefers calling a native widget on the platform, instead of reimplementing custom widgets. This leads to a faster, more native looking interface when compared to toolkits like Swing (for Java) "

wxWidgets နဲ့  ရေးထားတဲ့ screens shots လေးတွေ ကြည့်ချင်တယ်ဆို ဒီမှာ ကြည့်လို့ ရပါတယ်။ ကျွန်မ ကတော့ စာတွေ ဘယ်လောက်ရေးပြီး ဘာတွေ ကောင်းပါတယ် ပြောနေနေ.. ပုံလေးတွေနဲ့  ဒါကိုသုံးပြီး ဒါတွေ လုပ်ထားတယ် ဆိုတာမျိုးလေး ကြည့်လိုက်ရတာကို ပိုကြိုက်တယ်။ စိတ်ဝင်စားရင် သွားကြည့်လိုက်ကြပါ။ wxWidgets က Free Open Source Project တစ်ခုပါပဲ။

ဒီမှာကတော့ wxWidgets ကို သုံးထားတဲ့ Software တချို့  ..
* aMule - 'All-platform' P2P client based on eMule
* Audacity - a free/open source sound editor
* Audiobook Cutter - A user-friendly MP3 audiobook splitter.
* Code:locks - The free/open source, cross platform Free C++ IDE
* e - Collaborative Text Editor for Windows
* Juice (podcasting), an aggregator application that is used to download podcast media files
* Mahogany - An OpenSource cross-platform mail and news client.
* Monolith - tool to distribute copyrighted data
* MUTE - anonymous file sharing
* VLC media player - cross platform multimedia player

Source : wxwidgets.org , wikipedia.org

March 12, 2007

XRuby - Ruby to Java bytecode compiler

XRuby ဆိုတာ Rudy Source Code (.rb) တွေကို Java Bytecode (.class) အနေနဲ့  ပြောင်းပေးနိုင်တဲ့ ပထမဆုံး compiler ပါ။ လက်ရှိ stable version ဖြစ်တဲ့ version 0.1.3 က ပြီးခဲ့တဲ့ အပတ်(မတ် ၆ ၂၀၀၇) ကမှ ထွက်ထားတာဖြစ်ပါတယ်။

Ruby က ခု နှစ်ပိုင်းမှာ Hot ဖြစ်လာရုံမကပဲ ခုဆို အတော်များများ ၀ိုင်းပံ့ပိုးနေကြပါပြီ။ ဟိုတလောကတင် NetBean က Ruby နဲ့  JRuby ကို Support လုပ်မယ် ပြောတယ်။ Visual Studio 2005 အတွက် Ruby Plugin တွေလုပ်ကြတယ် ( Ruby In Steel) ။ နောက်ပြီး Lunix မှာဆိုလည်း Ruby က Pre-Installed လုပ်ပြီးသား ပါတယ်။ Sun Java ကလည်း Ruby Scripting Langauge ကို တော်တော် သဘောကျပုံရတယ်။ JRuby ဆိုပြီး လုပ်တယ်။ ခုဆို Google ကလည်း ဒီ Java နဲ့  Ruby ပိုအဆင်ပြေအောင်လို့  XRuby ကို support လုပ်ပေးတယ်။

Ruby In Steel က ပိုက်ဆံပေးဝယ်ရမယ်။ JRuby က Free Programming Language ၊ NetBean ကတော့ အစကတည်းက free IDE၊ ခု XRuby က Open Source Project ပါဖြစ်လို့  ၀ါသနာပါတယ် ဆိုရင် ၀င်တောင်ရေးလို့ ရပါသေးတယ်။

Source:
XRuby - http://xruby.com/default.aspx
XRuby (Google) - http://code.google.com/p/xruby/
JRuby - http://jruby.codehaus.org/
NetBean adopts Ruby JRuby
Ruby In Steel - http://www.sapphiresteel.com/

11 March 2007 - Back from Holiday

Lonely Life

ကိုယ့်အားကိုယ်

ကိုယ့်ဓား ကိုယ်ပိုးပြီး
ကိုယ့်ခါး ကိုယ်ချိုး
ကိုယ့်အား ကိုယ်ကိုး။

ကိုယ့်အလုပ် ကိုယ့်စခန်း
ကိုယ့်အထုပ် ကိုယ်ထမ်း
ကိုယ့်လမ်း ကိုယ်လျှောက်
ကိုယ့်နှာခေါင်းပေါက် ကိုယ်ရှူ
ကိုယ်ထူ ကိုယ်ထမှ
အလိုကျလိမ့်ဗျိုး။

တင်မိုး ( ၈၊ ၆၊ ၂၀၀၂ )

ှSource : Burmatoday.net

March 11, 2007

Myanmar e-Library


USDA Youth ( ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးအသင်းကြီး - ပြည်သူတွေခေါ်တာတော့ ကြံ့ဖွတ် ) က တင်တဲ့ Myanmar e-Library.. ဒီနေ့ ဆို နေပြည်တော်မှာ အဲ့ ဒီ Myanmar ပထမဆုံး e-Library ဖွင့်ပွဲကြီးကို အကြီးအကျယ်လုပ်မှာလို့ သိရတယ်.. အင်း သူတို့ တွေ အပြောအရတော့ စာအုပ်ကြီးတွေကို 0 (zero) and 1 (one) တွေ ပြောင်းပြီး အင်တာနက်ပေါ်ကို တင်လိုက်တဲ့ မြန်မာ့ စစ်အစိုးရ အထောက်အပံ့ရ online library ကြီးဖြစ်ပါတယ်တဲ့ လေ။ This is the first National Online Library System in Myanmar လို့ ရေးထားတယ်။

စာအုပ်တွေမှာ download နဲ့  read ဆိုပြီး button နှစ်ခုပေးထားတာတွေ့ ရတယ်။ ဒါပေမယ့် စာအုပ်အတော်များများ မှာတော့ အဲ့ဒီ button နှစ်ခုမပါသေးပဲ စာအုပ်နာမည်ပဲ e-library book list မှာ ရှိနေသေးတာ တွေ့ ရတယ်။ အင်း.. သူတို့ လည်း ဖွင့်ရမယ်ဆိုတဲ့ ဖွင့်ပွဲ အမှီ booklist တွေ တင်လိုက်ရတော့ စာအုပ်တွေအားလုံးကို zero one ပြောင်းဖို့  အချိန်မမှီလိုက်ဘူးနဲ့ တူပါတယ်။ အဲ့ဒီ နာမည်ပဲ ရှိပြီး ဖတ်လို့လည်းမရ၊ download လုပ်လို့ လည်းမရသေးတဲ့ စာအုပ်တွေကို ဘယ်တော့များ zero one ပြောင်းပြီး တင်မလဲ စောင့်ကြည့်လိုက်ဦးမယ်။

ရှိနေတဲ့ eBook တွေကို ဖတ်မယ်၊ download လုပ်မယ်ဆိုရင်တော့ မန်ဘာ ၀င်ဖို့ တော့ လိုတယ်နော်... မန်ဘာကို ၁ နှစ် အလကား ၀င်ခွင့်ပြုမှာလို့ လည်း ကြားလိုက်ရတယ်။ အဲဒီ ၁နှစ် ပြီးရင်တော့ ဘာတွေဘယ်လို ဖြစ်မလဲ မသိဘူးပေါ့နော်။ ဘယ်အရာကိုမှ အစိုးမရတဲ့ တရား သဘောလေးကို နားလည်ထားရမယ်လေ။ ဒါနဲ့  အဲ့ဒီမှာ member ၀င်မယ်ဆို ဖြည့်ရတာတွေက တခြား web site တွေနဲ့  မတူဘူးရှင့်။ ကျွန်မတော့ ဖြည့်ချင်တာ ဖြည့်လိုက်တာပဲ .. diamond member ဆိုလားပဲ ဖြစ်သွားပါတယ်။ ခုထိတော့ member ၄၀ မပြည့်သေးပါဘူး။ ၀င်ကြည့်ကြပါ။ ဘာတွေရှိနေလည်း သိရတာပေါ့။

ဘာပဲဖြစ်ဖြစ် e-library ကို ကြိုဆိုပါတယ်။ နိုင်ငံမှာ ရှိသင့်တဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ခုလို စာအုပ်နာမည် စာရင်းတွေပဲ ရှိနေမယ့်အစား စာအုပ်တွေပါ တကယ်ရှိလာဖို့ လိုပါတယ်။၊ ရှားရှားပါးပါး စာအုပ်တွေ၊ ခေတ်ပေါ်စာအုပ်တွေ ဝေေ၀ဆာဆာ နဲ့  e-library ကြီး ဖြစ်လာမယ်ဆိုရင်တော့ အရမ်းကောင်းမှာပါပဲ။

March 09, 2007

သိမ်ကြီးဈေး

ဒီနေ့ မနက်တော့ လိုတဲ့ အခြောက်အခြမ်းတွေ ၀ယ်ရအောင် ဆိုပြီး သိမ်ကြီးဈေးကို တစ်ခေါက်ရောက်ဖြစ် ခဲ့တယ်။ အမေနဲ့  အတူ ငါးရံခြောက်၊ ပုဇွန်ခြောက်၊ ငါးပုတ်ခြောက်၊ ငရုတ်သီး နဲ့  တခြားလိုတာတွေ ၀ယ်ဖြစ်ခဲ့တယ်။ ဈေးတွေများ ကြီးချက်ကတော့ မပြောပါနဲ့ တော့။ အမေက ဈေးမေးလိုက်၊ ပစ္စည်းတွေ ၀ယ်လိုက်တဲ့ ကျွန်မက ဘုရား တလိုက်နဲ့  တော်တော်လေး ကုသိုလ်တွေတော့ အတော်ရခဲ့ပါတယ်။

ကျွန်မ မှတ်မိသလောက်ဈေးလေးတွေ ပြောပြဦးမယ်..
ငါးရံခြောက်က အကောင်ကြီး ကို ၁၃၀၀၀( သောင်းသုံးထောင်ဈေး)
ငါးပုတ်ခြောက် အချိုခြောက်လို့ ပြောတာပဲ ၂၅၀၀၀ ( နှစ်သောင်း ငါးထောင်ဈေး)
ပုဇွန်ခြောက်မှုန့် က ၈၀၀, ၉၀၀, ၁၀၀၀ နဲ့  ၁၂၀၀ ဆိုပြီး အစားစားရှိတယ်..
လက်ဖက်နဲ့  စားတဲ့ ရွှေပုဇွန်ခြောက် သေးသေးလေးတွေ အတော်လေးကို သေးတယ်… ၁၇၅၀၀ (သောင်းခုနှစ်ထောင်ငါးရာ ဈေး)
တခြား ပုဇွန်ခြောက်ဈေးတွေ တော့ ဒီမှာသာ ကြည့်ပါတော့…

March 07, 2007

သီဆိုနားဆင်နေဆဲ

ဒီနေ့ မနက် ဘာရယ်တော့ မဟုတ် အတော်လေး စိတ်ပင်ပန်းသွားတယ်။ မီးကမလာ၊ မီးစက်နှိုးပြီး အင်တာနက် သုံးပြန်တော့လည်း ဘာတွေ connection က မကောင်း၊ အင်တာနက်ဖြုတ်ပြီး ဖုန်းတွေ ဆက်ပြန်တော့လည်း “အဝေးလိုင်းများ မအားပါသဖြင့် … ဘာညာဘာညာ … “နဲ့ တိုးလိုက်၊ “လူကြီးမင်း ခေါ်ဆိုသော …. ဘာညာဘာညာ .. “ နဲ့ တိုးလိုက်နဲ့  ဘယ်ဖုန်းမှ ခေါ်လို့ မရ…. စိတ်များရယ် ညစ်ပါရဲ့… တော်ပြီ ဘာမှ မလုပ်တော့ဘူးဆိုပြီး သီချင်းနားထောင်လိုက်တာ… မျိုးကျော့မြိုင် ရဲ့ လူဖြစ်ရတဲ့ ဒုက္ခ အခွေနဲ့  သွားတိုးတယ်. ညက ညီမလေး နားထောင်ထားတာနဲ့  တူပါတယ်။ ခု စိတ်ရှုပ်နေတာတွေနဲ့  သီချင်းတွေနဲ့  ခံစားချက်တွေ ထပ်တူကြသွားတော့ အဲ့ဒီ တစ်ခွေလုံးကို ထပ်ခါထပ်ခါ ဖွင့်ပြီး နားထောင်ဖြစ် သွားတယ်… အဟား…. ဘေးအိမ်တွေကလူတွေတော့ တော်တော် နားငြီးသွားမယ် ထင်တယ်…

....
လူဖြစ်ရတဲ့ ဒုက္ခ ...
လူဖြစ်ရတဲ့ ဒုက္ခ ...
လူဖြစ်ရတဲ့ ဒုက္ခ ...
....

....
လူကြီးမင်းခေါ်ဆိုသည့် ဆယ်လူလာဖုန်းမှာ စက်ပိတ်ထားခြင်း ... သို့ မဟုတ် ဆက်သွယ်မှု့  ဧရိယာပြင်ပတွင် ရောက်ရှိနေခြင်းကြောင့် ခေါ်ဆိုမရနိုင်ပါရှင်...
....
နေ့ လို့ မရထိုင်လို့ မရ မင်းပေးထားတဲ့ ဒုက္ခ.... .....
သူ့ ကိုတွေ့ ရင်ပြောလိုက်ပါ ဖုန်းဖွင့်ပါဦး။
....

....
ဘ၀က အဆုံးအဖြတ်ပေးနေလား...
စိတ်ဓာတ်တဖြည်းဖြည်းနဲ့  ပျက်သွား.... စွဲလမ်းလွန်းတဲ့ ငါ့ရဲ့အမှား...
ကိုယ့်ရဲ့ အမှတ်မရှိတဲ့ ကိုယ့်စိတ်များ ... ဘ၀အတွက် အပြစ်တစ်ခုဖြစ်နေလား...
....
ပိုးဆိုးပတ်စက်ပြောနေကြ.. ကိုးလိုးကန့် လန့် နဲ့ ဒီဘ၀ ... ဘယ်နေရမှာ အသုံးမကျပါလား...
ဘာမှလုပ်လို့ မရပါလား...
....

.....
ခံစားချက်များ မရှိချင်ဘူး... ဘာဖြစ်ချင်မှန်းမသိတော့ဘူး..
စိတ်ကူးနဲ့ ရူး မဖြစ်သင့်ဘူး......
....

....
မင်းနဲ့  ဝေးရင် အရာရာ အမှားကြီးမှားနေ..
ကိုယ့်ရဲ့ အတွေးတွေ.. တကယ်ကို ၀ိုးတိုးဝါးတား...
...
မိုင်ပေါင်းက ဘယ်လောက်ပင်ဝေးကွာ .. အိမ်မက်နဲ့  အသက်ရှင်ခဲ့တာ...
ခက်ခဲတဲ့ အချစ်တွေနဲ့ သာ.. ကိုယ်တို့ နှစ်ယောက်ဘ၀တွေ ဝေးကွာ
တစ်နေ့ တော့ တွေ့ ရဦးမှာ... စိတ်ကူးနဲ့ ရူးတဲ့ ကိုယ့်ကမ္ဘာ
သူ့ နား ရှိချင်ပါပြီ... အင်အားများဝေမျှပြီး
အတူရှိမယ့် အချိန်တွေစီ... တကယ်တန်းတ မျှော်လင့်ပြီး
....

....
ပြောနေကြတဲ့ စကားတွေရဲ့ အလယ် .. ကိုယ်အရှုံးမပေးပဲ...
အေးဆေးပါ အချစ်ရယ် .. မင်းကလွဲရင်.. ဘယ်သူကိုမှတကယ် မယုံပါဘူး...
....

....
အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
လွမ်းစရာတွေ့ရင် ရူးလောက်အောင်စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင် ပြောပြပေးပါ သိပ်ချစ်တာကို
....
လူတွေလွမ်းဆွေးတွေးငေးပြေး ဟိုအဝေး...
ဒါပေမယ့်လည်း အချစ်နဲ့ကင်းဖို့ မကယ်နိုင်တော့လည်း စိတ်တွေလေး
ပူပန်သောက ပူလောင်ဒေါသ မောရတဲ့နေ့တွေဆိုတာ
အချစ်နဲ့တွေ့တဲ့ လူတွေအတွက်တော့ သံသရာတစ်လျှောက်မှာ ရေတွက်လို့မရ
မာနတွေခ၀ါချပြီး အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ
ပေးဆပ်ရ ဒီဘ၀ အချစ်ကြောင့်ပဲစိတ်တွေပြောင်းသွား
အချစ်စိတ်အရာအားလုံးကို ထိန်းချုပ်ထား
ဒီစိတ်နဲ့စား ဒီစိတ်နဲ့သွား ဒီစိတ်နဲ့အသက်ဆက်ရှင်နေရပါလား
....


ခုတော့ မီးလည်း ပြန်လာပြီး၊ အင်တာနက်ကလည်း connect လုပ်လို့ ရပြီ… ဖုန်းတွေလည်း ခေါ်လို့ ပြီးပြီ… လုပ်စရာရှိတာ တချို့ လည်းလုပ်ပြီးပြီ… အင်း……. အားလုံး အဆင်ပြေသွားပြီပြောလို့ ရမယ်… ဒါပေမယ့် မျိုးကျော့မြိုင် သီချင်းတွေကိုတော့ ဆက်နားထောင်ပြီး လိုက်အော်ဆိုနေမိတယ်…

NetBeans adopts Ruby/JRuby

NetBeans Community Announces Support for Ruby and JRuby Programming Languages...
(05 March 2007..)

The NetBeans Ruby Pack goes beyond basic editing, syntax highlighting, navigation outline, project support and unit test execution to provide developers with a rich set of features to enhance productivity. These features include: code completion for modules, classes, methods and escape codes within literal strings and regular expressions. The NetBeans Ruby Pack also offers extended features such as integrated documentation pop-ups for Ruby API calls, semantic analysis with highlighting of parameters and unused local variables, as well as occurrence highlighting.


Click here for details ...

March 06, 2007

ထိုသူသုံးယောက်

ပြီးခဲ့တဲ့ တနင်္ဂနွေက ဟိုတုန်းက သူငယ်ချင်းတွေနဲ့ တွေ့ ပြီး အင်းလျား ခဏ ရောက်ဖြစ် ခဲ့တယ်။ သူတို့ တွေနဲ့  မတွေ့ တာ အတော်ကြာပြီလေ။ သူတို့ တွေကို ကြည့်ပြီး အံ့သြသွားမိတယ်။ မြန်မာပြည်ကြီးမှာ နေပြီး စိတ်တွေ အရမ်းချမ်းသာနေကြတယ်နဲ့  တူပါတယ်။ ပြောလိုက်ကြသေးတယ်၊ ဒီနိုင်ငံလောက် နေလို့ ကောင်းတဲ့ နိုင်ငံမရှိဘူးတဲ့။ ဟုတ်မှာပါ။ သူတို့ ကိုကြည့်ပြီး သူတို့ ပြောစကားကို ကျွန်မ ယုံကြည်သွားပါတယ်။ :D

ဘလောခ့်လာ မိတ်သဟာတွေထဲက တစ်ယောက်ယောက်များ တနင်္ဂနွေ ညနေ ၄ နာရီက ၆း၃၀ နာရီ အကြား .. အင်းလျား ကန်စောင်းက စားသောက်ဆိုင်တန်းကို ရောက်ခဲ့ကြရင် ဆူညံစွာ စကားပြောနေတဲ့ ဒီသုံးယောက်ကိုများ မြင်မိလိုက်ကြပါ သလား။
ရန်ကုန်မှာနေပြီး စိတ်ချမ်းသာပြီး လှနေသူများ

ဟို.... အဝေးက သူငယ်ချင်းတွေ သူတို့ ကို .. မမှတ်မိကြမှာစိုးလို့  .... ၃ ယောက်လုံးကို တန်းစီခိုင်းပြီး ဓာတ်ပုံအတင်း ရိုက်ခဲ့လိုက်တယ်။ ကျွန်မရဲ့ အလွန် လှပ ခန့် ညားနေကြတဲ့ သူငယ်ချင်းတွေရဲ့ ပုံပါ။ စိတ်ဝင်စားရင် ဆက်သွယ်နိုင်ပါတယ်။

ဂဏန်း

ဒီနေ့  ဂဏန်းဟင်း အိမ်မှာချက်တယ်။ အဲ့ဒီဟင်းကို ကျွန်မ ချက်တာလို့ မထင်ပါနဲ့ ၊ ကျွန်မရဲ့ တစ်ဝမ်းကွဲ အစ်ကို ချက်တာပါ။ ကျွန်မ က သူ့ ကို ဘာကူလုပ်ပေးလဲဆိုတော့ … ဟင်းလည်းကျက်ရော စားပြီး ကောင်းတယ် ပြောပေးလိုက်တယ်လေ။ တကယ်တော့ လူတစ်ယောက် ဟင်းချက်တဲ့ အခါမှာ သူ့ ကို အထိရောက်ဆုံး ကူညီနည်းကတော့ ဟင်းကျက်တဲ့ အခါ ကုန်အောင်စားပြီး “ဟင်းချက်ကောင်းလိုက်တာ၊ အရမ်းစားလို့  ကောင်းတာပဲ… နောက်လည်း ထပ်ချက်ကျွေးဦးနော်..” ဆိုတာမျိုးလေးတွေ ပြောပေးတတ်ဖို့  ပါပဲ။ :D ဟင်း ချက်နေတုန်း ကူလုပ်ပါလို့  မပြောရင် သွားမကူပါနဲ့ ။ အဲ့လို ဟိုကူဒီကူလုပ်ပေးတာဟာ တခါတလေ သူတို့ ကို ကူညီရာ မရောက်ပဲ အနှောက်အယှက်ပေးသလိုတောင် ဖြစ်တတ်ပါသေးတယ်။ (မယုံရင် ကျွန်မ့ သူငယ်ချင်းတွေ မေးကြည့်ပါ။) ကျွန်မက အစ်ကို့ ကို ကူညီချင်ပေမယ့် သူကတော့ ကျွန်မ မီဖိုထဲ မလာ အေးရောလို့  ထင်သလားမသိဘူး.. မီဖိုထဲမလာနဲ့ ညှော်နံမယ် ဟင်းကျက်မှသာလာ စားပါတော့လို့  ပြောခဲ့လို့  အဲ့ဒီ ဟင်းကျက်မှသာ စားပြီး အထိရောက်ဆုံး ကူညီပေးခဲ့ပါတယ်။

အဲ့ဒီတော့ ဂဏန်းဟင်း ဘယ်လို ချက်သလဲဆိုတာ ကျွန်မ မသိပါလိုက်ပါဘူး။ သိချင်ရင် ကျွန်မ့ အစ်ကို ကို
မေးကြည့်ပါ။ :D.. သူပြောတာတော့ ဂဏန်းဟင်းချက်ရတာ အရမ်းမြန်တယ်။ တကယ်လည်း မြန်ပါတယ်၊ ဟင်းချက်တာ ၁၀ မိနစ် လောက်ပဲကြာတယ်။ ဒါပေမယ့် အဲ့ဒီ ဂဏန်းကို မချက်မှီ သန့် ရှင်းအောင် လုပ်ရတာရယ်၊ စားရင်း စူးမှာစိုးလို့  ဟိုညှပ်ဒီညှပ်၊ ဟိုခွါဒီခွါ၊ ဟိုဖြတ်ဒီဖြတ်လုပ်ရတာသာ ရှုပ်တယ်၊ ကြာတယ် လို့ ပြောပါတယ်။
ဟင်းကျက်ပြီးတဲ့.. စားလို့  ရပါပြီ

တစ်ခါစားစာ ဟင်းခပ်ပြီး ကျန်တဲ့ ဂဏန်း

ကြက်ငှက်တုတ်ကွေးကြောင့် ဘဲကင်စားချင်ပေမယ့် စားခွင့်မရတဲ့ ကျွန်မ၊ ဂဏန်းဟင်းတော့ စားခွင့်ကြုံလိုက် ပါသေးတယ်။ ကျွန်မတို့ အိမ်မှာ အရင်ကဆို ဂဏန်းချက်လေ့ မရှိပါဘူး။ ဂဏန်းဆိုတာ အရှင်ကို ၀ယ်ချက်မှ ကောင်းတာ၊ ဆိုင်မှာ ၀ယ်တဲ့ အသေတွေက မကောင်းရင် အဆိပ်ဖြစ်မယ် ဆိုတာမျိုးတွေ ကြားဖူးနေခဲ့ပြီး၊ အသိအိမ်တွေက ချက်ပြီး လာပို့ မှ၊ ဒါမှ မဟုတ် အပြင်ဆိုင်မှာ စားမှ သာ စားရလေ့ရှိပါတယ်။ ခုတော့ ကျွန်မတို့  အိမ်နားက ခြံတစ်ခြံမှာ နိုင်ငံခြားကို ဂဏန်းတွေ ပို့ တဲ့ လုပ်ငန်းလုပ်နေပြီး၊ ဂဏန်းဆို အရှင်မှ နိုင်ငံခြားကို ပို့ လို့ ရတာဆိုတော့ သေသွားတာနဲ့  ခြံနီးနားချင်းတွေကို ကြိုသာမှာထားရင် ချက်ချင်းလာပို့  ပေးတာဆိုတော့ အစ်ကိုက သူတို့ စီမှာထားပြီး ဒီနေ့ လာပို့ တာနဲ့  ဟင်းချက်ကျွေးတာလို့  ပြောတာပဲ။ ဒီနေ့  ချက်ပေးတဲ့ ဂဏန်းက ၁ကီလို - ၅၀၀၀ ကျပ် ဖိုးလို့ လည်း သိရပါတယ်။ အရင်တခါ ကျွန်မပြန်မရောက်ခင် မှာထားတုန်းက လာပို့ တာဆို အခွံပျော့ ဂဏန်းတွေ အရမ်းစားလို့ ကောင်းတယ်လို့  အိမ်ကလူတွေက ပြောတာပဲ။ ခုစားရတာတော့ အခွံမာ ဂဏန်းတွေပါ။ ကိုယ်မချက်ရ အားလုံးစားလို့ ကောင်းတယ် ဖြစ်အောင် ကျင့်နေတဲ့ ကျွန်မ အတွက်တော့ ချဉ်ချဉ်စပ်စပ်လေး သူများချက်ပေးထားတဲ့ ဟင်းစားရတာ အရမ်း စားလို့  ကောင်းပါတယ်။ ဘာရယ်မဟုတ်ပါဘူး အစ်ကို တစ်ဝမ်းကွဲက ထူးထူးဆန်းဆန်း စိတ်ရှည်ရှည်နဲ့  ဟင်းချက်ကျွေးလို့  ဒီနေ့ တော့ အိမ်မှာချက်တဲ့  ဂဏန်းဟင်းကို အ၀စားလိုက်ရတယ် ဆိုတာလေး မှတ်ထားလိုက်တာပါ။ :P

March 05, 2007

ရွှွှေတိဂုံသို့  တစ်ခေါက်

ဒီနေ့ မနက် စောစော ဖေဖေ၊ မေမေ၊ ညီမလေး၊ ယောင်းမချောရယ်နဲ့  ရွှေတိဂုံဘုရားကို ရောက်ဖြစ်တယ်။ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ မို့ လားတော့ မသိဘူး၊ ဘုရားပေါ်မှာ လူတွေ အရမ်းများပြား စည်ကားနေတာကို တွေ့ ခဲ့ရပါတယ်။ ရန်ကုန်ပြန်ရောက်ထဲက ရွှေတိဂုံသွားမယ် စိတ်ကူးထားပေမယ့် ညီမလေးက သူနဲ့ မှ တူတူသွားပါဆိုတာနဲ့  ညီမလေး အလုပ်အားတဲ့နေ့ ကို စောင့်နေရတာကြောင့် ဒီနေ့ မှ ပဲ ရွှေတိဂုံဘုရားကို သွားဖူးဖြစ်တော့တာပါ။ ဘုရားပေါ်ရောက်တော့ ဘုရားရှိခိုး၊ မေတ္တာပို့ ၊ ချစ်သူခင်သူများ ကျန်းမာပါစေကြောင်း၊ လူသားအားလုံး အေးချမ်းကြစေကြောင်း ဆုမွန်ကောင်းတောင်းပြီး၊ ဘုရားကို လက်ယာရစ် တစ်ပတ်ပတ် ကြည်ညိုကာ ဓာတ်ပုံနည်းနည်းပါးပါး ရိုက်ဖြစ်ခဲ့ပါတယ်။

ရွှေတိဂုံဘုရားမှာ ရိုက်ထားတဲ့ ပုံတွေကို Picasa Web Album မှာ ကြိုးစားတင်ထားပါတယ်။



ဒီပုံက ဘုရားပေါ် အောင်မြေမှာ လူအများအပြား ဘုရားရှိခိုး ဆုတောင်းနေတဲ့ ပုံပါ။ အောင်မြေမှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်၊ အောင်မြင်တယ်လို့  လူအများက ယုံကြည်ကြတယ်လို့  သိရတယ်။ ဒါကြောင့် ဒီအောင်မြေမှာ စုရုံးပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆုလာတောင်းလေ့ ရှိကြသူတစ်ချို့ ကိုတော့ လက်ရှိ စစ်အစိုးရက ဘုရားပေါ်တက်၊ အောင်မြေမှာ ဆုတောင်းခွင့်မပြုတာ ကြာပြီလို့ လည်း သိရှိရပါတယ်။ သြော် ... ကြောက်တတ်လိုက်ကြတာနော်။ နောက်ပြီး ဒို့ှဗမာပြည်ကြီးမှာ ဘုရားပေါ်တတ်ပြီး ကိုယ်လိုချင်တာလေး ဆုတောင်းတာတောင် လွတ်လွတ်လပ်လပ် ဆုတောင်းခွင့်မရှိပါလားလို့  တွေးမိတယ်..... အင်း ...အောင်မြေမှာ ကျွန်မ စိတ်ထဲက ဆုတောင်းတာတွေများ သူတို့ တွေမကြားနိုင်လို့  တော်သေးတယ်ဆိုရမယ်... ကြားများကြားနိုင်ခဲ့ရင် ကျွန်မကို နောက်အကြိမ်တွေမှာ ရွှေတိဂုံဘုရားပေါ် တက်ခွင့် ပြုမယ် မထင်တော့ပါဘူး.....

March 02, 2007

Adobe to take Photoshop Online

Photoshop က ၆ လ အတွင်းမှာ Online Version တင်မယ်လို့  သိရှိရပါတယ်။ ကောင်းပါတယ်။ Free ပေးသုံးရင် ပိုကောင်းမယ် ထင်တယ်။ ဟိုတခါ ကျွန်မ ရေးဖူးသလိုပဲ နောက်ပိုင်းကြရင် ကိုယ့်ကွန်ပြူတာထဲမှာ OS နဲ့  Browser ကလွဲရင် တခြား Software သွင်းထားဖို့ မလိုတော့ပဲ အင်တာနက်ရှိရုံ သုံးချင်တဲ့ Software တွေကို အွန်လိုင်းကပဲ သုံးနိုင်တော့မယ် ထင်ပါတယ်။ ကောင်းတာပေါ့၊ Computer ထဲမှာ ဘာမှ မသွင်းထားတော့ ပေါ့ပေါ့ပါးပါးရှိတာပေါ့။ အသေးစိတ်သိချင်ရင်တော့ အောက်မှာပေးထားတဲ့ လင့်မှာပဲ သွားဖတ်ကြည့်ကြပါ။

Source :News.Com: Adobe to take Photoshop online

နံနက်ခင်း

"သမီးရေ.. မထသေးဘူးလား။ အိပ်ရေးဝရဲ့လား။ ဒီမနက်စာ ဘာမုန့် စားချင်လဲ ပြော။ အပြင်သွားပြီး မစားချင်ဘူးဆို ဖေဖေကို မုန့် ဝယ်ခဲ့ဖို့  မှာလိုက်မယ်"..... ခုရက်ပိုင်း နံနက်စောစော ကြားနေရတဲ့ စကားသံတွေပါ။ သြော် ဒီလို အသံမျိုးတွေနဲ့  မနိုးထရတာ အတော်ကြာခဲ့ပြီမို့  ခုရက်ပိုင်း မနက်တိုင်း ကြားနေရတဲ့ အသံတွေကို တန်ဖိုးထား နားထောင်နေမိတယ်။

နံနက်ခင်းခြင်းတူပေမယ့် ဟိုကျွန်းနိုင်ငံလေးမှာ ကြုံရတဲ့ နံနက်ခင်းတွေနဲ့  အမေ့ အိမ်မှာ ကြုံရတဲ့ နံနက်ခင်းတွေဟာ အတော်လေး ကွာခြားပါလားနော်။ ဟိုနိုင်ငံမှာဆို မနက်မိုးလင်း၊ နိုးစက်မြည်သံကြားတာနဲ့  ကြုံးရုန်းထ၊ ရေအမြန်ချိုး၊ အ၀တ်လဲ ပြီး အပြေးအလွှား အလုပ်ချိန်မှီအောင် မနည်းသွားရတယ်။ မနက်စာတောင် လမ်းမှာ ၀ယ်သွားပြီး အလုပ်ရောက်မှ အမြန်စားရတယ်။ တချို့ ရက်ဆို အိပ်ရာထ နောက်ကျသွားလို့  မနက်စာ ၀ယ်ဖို့  အချိန်မမှီတာနဲ့  မစားဖြစ်တဲ့ ရက်တွေကလည်း ရှိသေးတယ်။

ခုများတော့ မနက်ဆို ချိုချိုသာသာလေး အိပ်ရာနိုးမယ့် အမေက နဲ့  စားချင်တာ စားဖို့  လိုက်ပို့ ပေးမယ့် အဖေက ဘေးမှာ။ မနက် အမေလာနိုးတဲ့ အချိန်မှာ အိပ်ရေးမ၀သေးလို့  မထချင်ပါဘူးဆို အမေရေ.. သမီး ဘာမုန့် လေးစားချင်တယ်လို့  ပြောပြီး ပြန်အိပ်လို့  ရသေးတယ်။ အိပ်ရေးဝလို့  နိုးလာပြီဆို စားချင်တယ် ပြောထားတဲ့ မုန့် က အဆင်သင့်ပဲ။ အဲ... အိပ်ရေးဝလို့  စောစောထဖြစ်တယ် ဆိုရင်လည်း ဘယ်နားက၊ ဘာဆိုင်က၊ ဘာမုန့် စားချင်တယ်လို့ သာပြောလိုက် စားချင်တာ စားလို့ ရအောင် အဖေနဲ့  အမေက လိုက်ပို့  ပေးတယ်။ အင်း.. ဘယ်လောက်များ ကောင်းလိုက်သလဲနော်..

အိမ်ပြန်ရောက်ပြီး နောက်တရက် မနက်စာ သွားစားတုန်းက ရိုက်ထားတဲ့ ပုံလေးပါ။ နောက်ရက်တွေ သွားစားတာတွေ တော့ camera ယူဖို့  မေ့တာများလို့  ဓာတ်ပုံ မရိုက်ဖြစ်ဘူး။



March 01, 2007

အင်တာနက်

အိမ်ပြန်ရောက်ပြီးထဲက အပြင်လည်း မသွားရ၊ ဘယ်မှ မထွက်ရဆိုတော့ အင်တာနက်နဲ့  အဆက်ပြတ်နေပြီး မနေတတ်၊ မထိုင်တတ်ဖြစ်နေတဲ့ ကျွန်မကို မကြည်ရက်တဲ့ အဖေက အိမ်မှာ အင်တာနက်သုံးလို့ ရအောင်ဆိုပြီး Access Kit သွားဝယ်ပေးတာပါတယ်။ နာရီ ၃၀ စာ Access Kit ကို ကျပ်ငွေ ၁၅၀၀၀ ပဲပေးရတာဆိုတော့ သုံးပျော်ပါတယ်။ တစ်နာရီကို ၅၀၀ ကျပ် ကြတာပေါ့။ အပြင်မှာ အင်တာနက်သွားသုံးရင်လည်း ၁ နာရီ ၄၀၀-၅၀၀ တော့ ပေးရမယ် ထင်တယ်။ အရင် တစ်ခါပြန်လာတုန်းက တော့ internet café မှာ အင်တာနက် သွားသုံးဖြစ်ပေမယ့်၊ ခုတခေါက်တော့ တစ်ခါမှ မသွားဖြစ်သေးဘူး။ ဘာပဲဖြစ်ဖြစ် အချိန်ရရင်တော့ မြန်မာ့ Internet Café တွေမှာ အင်တာနက် သုံးဖူးတယ်ရှိအောင် တစ်ခေါက်လောက်တော့ သွားသုံးကြည့်ဦးမယ်။ ခုသုံးတဲ့ Access Kit နဲ့  Connection လုပ်ရတာလည်း အရမ်းတော့ မခက်ပါဘူး။ Dial Up ဆိုတော့ နေ့  လယ်ပိုင်းဆို 34.6 Kbps လောက်ရှိတယ်။ ညပိုင်းဆိုရင်တော့ နည်းနည်း ပိုကောင်းတယ်။ Internet Café တွေမှာတော့ ဒီထက် ပိုမြန်မယ် ထင်တယ်။

မနေ့ က ၀င်ကြည့်သလောက်တော့ နိုင်ငံရေးနဲ့  ပတ်သက်တဲ့ Site တွေကလွဲရင် တော်တော်များများ ၀င်လို့  ရပါတယ်။ Messenger တွေကိုလည်း Website တွေ သုံးပြီး ၀င်လို့ ရနေတယ်။ Blogger ကိုလည်း ကောင်းကောင်းဝင်လို့  ရနေပါတယ်။ Gmail ကိုလည်း ဟိုစမ်းဒီစမ်း လိုက်ရှာလိုက်တာ G-Lite မဟုတ်တဲ့  Site တစ်ခုကနေ Gmail ရဲ့ original ပုံစံအတိုင်း ၀င်လို့  ရတာတွေ့  ရတယ်။ တခုတော့ ရှိတယ် နည်းနည်းတော့ စိတ်ရှည်ရတာပေါ့။ ကောင်းပါတယ်။ အမြဲ စိတ်မြန် လက်မြန်ရှိတဲ့ ကျွန်မ၊ ဒီက အင်တာနက်ကို သုံးနေရင်းနဲ့  နည်းနည်းတော့ သည်းခံ စိတ်ရှည်တတ်လာမယ် ထင်ပါတယ်။

ကျွန်မ ကံကောင်းတယ်ပဲ ပြောရမလား၊ ခုရက်ပိုင်း မီးအမြဲနီးပါးလာနေတယ်။ အရင်ကတော့ အဲ့လို အမြဲမလာဘူး၊ ခုရက်ပိုင်း အတန်းငယ်လေးတွေ စာမေးပွဲဖြေနေကြပြီ၊ ၁၀ တန်းစာမေးပွဲကလည်း နီးလာလို့  မီးပုံမှန်လာနေတာ ဖြစ်မယ်လို့  အမေ ပြောတာပါပဲ။

အရင်ကလို့  အင်တာနက် အမြဲ မသုံးနိုင်ပေမယ့် ဒီက မပြန်ခင်ရက်ပိုင်းတော့ နာရီ ၃၀ စာ Access Kit ကိုသုံးပြီး အင်တာနက်မှာ ခဏလောက်တော့ ခြေရှုပ်နိုင်ပြီပေါ့။