Pages

September 10, 2011

Goodbye, Grandfather..

စက်တင်ဘာ ၄ နေ့  ညနေပိုင်းမှာ ကျွန်မ အဖိုးဆုံးတယ်ကြားတယ်ဆိုပြီး အမျိုးတစ်ယောက်က ဖုန်းကို sms ပို့ လာတယ်။ အံ့သြသွားတယ်။ မဖြစ်နိုင်ပါဘူးဆို မယုံချင်ဘူး။ သောကြာနေ့ ကတင် အိမ်နဲ့ ဖုန်းပြောတာ၊ အဖိုး နေမကောင်းဘူးလည်း မပြော၊ ဘာမှ ထူးထူးခြားခြားပြောတာ မျိုးမကြားခဲရဘူး။ ဒါနဲ့ အိမ်ကို ဖုန်းခေါ်တယ် မရဘူး။ ဟန်းဖုန်းတစ်လုံးကိုက ဖုန်းဝင်သွားတယ်။ ညီမလေး ထူးသံပဲကြားရပြီး ဖုန်းပြန်ပျက်သွားတယ်။ ထပ်ခေါ်တာ ဘယ်လိုမှ မရတော့ဘူး။ မဟုတ်ပါစေနဲ့ လို စိတ်ထဲမှာ တွေးနေမိတယ်။ အဖိုးက အသက်သာကြီးတာ နေမကောင်းဖြစ်တယ် ဘာညာ ထူးထူးခြားခြား မကြားမိခဲ့ဘူးလေ။ နောက်နေ့ မနက် အိမ်ကို ဖုန်းဆက်တယ်။ အဖေနဲ့ စကားပြောတော့ ဟုတ်တယ်တဲ့။ တနင်္ဂနွေနေ့  မနက် ၂း၄၀ မှာ အဖိုးဆုံးတယ်ပြောတယ်။ ပြီးခဲ့တဲ့ နှစ် မြန်မာပြည်ပြန်ချိန်က အဖိုးရှိရာကို သွားပြီး ကန့် တော့ဖြစ်တယ်။ ဒီတစ်ခေါက်ပြန်ရင် အဖိုးမရှိတော့ဘူး။

ကျွန်မရဲ့ မိဘတွေတောင်မှ စနေနေ့ မှာ ဘကြီးတို့  ဖုန်းဆက်လာလို့  အဖိုးဖျားနေတယ် သိခဲ့ရတာ၊ အဖျားသွေးနည်းနည်း လောက်ပဲရှိပါတယ်။ ညနေပိုင်းတော့ ချောင်းနည်းနည်းဆိုတယ် သိခဲ့ရတယ်။ ဒါပေမယ့် အသက်ကြီးတဲ့ လူကြီးပိုင်းဆို ဘာပဲဖြစ်ဖြစ် အမေနဲ့ အဖေ သွားလိုက်မယ် တိုင်ပင်စီစဉ်နေတုန်း၊ နောက်နေ့  မနက်စောစောမှာ ဆုံးသွားပြီဆို သိလိုက်ရတာလို့ ပြောပြတယ်။ အဖိုးဟာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဘ၀တစ်ပါး ကူးပြောင်းသွားတယ်လို့  ပြောပြတယ်။ အဖိုးဆုံးတာကို အဲဒီညက မအိပ်ပဲ စောင့်ကြည့်နေတဲ့ ကျွန်မတို့ ရဲ့ ကြီးတော်ကြီး(ဘကြီးရဲ့ အမျိုးသမီး)၊ သူနာပြုဆရာမနဲ့  နောက်အမျိုးသမီး အကူတစ်ယောက်ရယ်ပဲ သိလိုက်တယ်။ လိုရမယ်ရဆို ညနေပိုင်းက အောက်ဆီဂျင်ဘူးတွေစီစဉ်ပြီး သူနာပြုဆရာမပါ ခေါ်ထားလိုက်တာတဲ့။ အရင်ရက်တွေကတောင် ညညဆို ခွေးဟောင်သံ ဆူသံပူသံတွေ ကြားရသေးတယ်။ အဖိုးဆုံးတဲ့ညက ပတ်ဝန်းကျင်တစ်ခုလုံး တစ်ညလုံး တိတ်တိတ်ဆိတ်ဆိတ်ပဲလို့ သိရတယ်။ ခွေးအူသံတွေ၊ ငှက်ဆိုးထိုးသံတွေ ကြားရမလား စိတ်ပူနေတာ၊ ဘာဆိုဘာမှ မကြားရပဲ အေးအေးချမ်းချမ်းနဲ့  ဘ၀ကူးသွားမျိုးဖြစ်ကြောင်း သိခဲ့ရပါတယ်။

အတူရှိနေတဲ့ မြေးတွေဆို နောက်နေ့ မနက် သူတို့  နိုးလာချိန်မှာ အဖိုးနေကောင်းလား၊ ဘယ်လိုနေသေးလည်း မေးချိန်မှ ပဲ အဖိုးညက ဆုံးသွားတယ်ဆို သိလိုက်ရတာလို့ ပြောပြတယ်။ အဖိုး အဖျားနည်းနည်းရှိနေတာ သိကြတယ်၊ ဒါပေမယ့် သူတို့ မအိပ်ခင် စနေနေ့ ည ၁၀ နာရီလောက်မှာ အဖိုးက ဘုရားရှစ်ခိုး ဘာညာ သူဘာသာ ကိုယ်တိုင်လုပ်ပြီး အေးအေးဆေးဆေး အိပ်သွားဆိုတော့ ခုလို ချက်ချင်းကြီးဆုံးသွားမယ် ဘယ်သူမှ မထင်ကြဘူးဖြစ်နေကြတယ်။ အဖိုးဆုံးတာနဲ့  ကြီးတော်ကြီးနဲ့  သူရဲ့သားငယ် (ကျွန်မ့ မောင်ဝမ်းကွဲ) ကိုနှိုးပြီး ရေချိုးပြင်ဆင်တာဘာညာလုပ် လိုက်တယ်။ အဖိုးကို တနင်္ဂနွေ နေ့ လည် ၂ နာရီမှာ နေ့ ချင်းပဲ သဂြိုဟ်လိုက်တယ်လို့ ပြောပြတယ်။ အဖိုးဟာ သဂြိုဟ်တဲ့ အချိန်အထိ အသားအရည်က ပြောင်းလဲမှု့ မရှိ နဂို အိပ်နေသလိုပဲလို့ သိရတယ်။ ကျွန်မတို့ အဖိုးက အသက်သာ ရာကျော်နေတာ လူက ပိန်ပိန်မဟုတ်ဘူး၊ ခပ်ပြည့်ပြည့်ရှိတယ်။

ကျွန်မတို့ အဖိုးက အသက်ရာကျော် ရှိနေပါပြီ။ အဖိုးအသက် ၁၀၅ နှစ်မပြည့်သေးတာ သိတယ်။ အဖိုးက ကျွန်မလိုပဲ နတ်တော်လအတွင်း မွေးတာ သိတယ်။ အဖိုးမွေးနေ့ ပြီးနောက်တစ်ရက်က ကရင်နှစ်သစ်ကူးနေ့ ဆိုတာလည်း သိပေမယ့် အသက်အတိအကျ ဘယ်လောက် ဆိုတာ မမှတ်မိဘူး။ အမေ့ကို သေချာအောင် ပြန်မေးကြည့်ဖြစ်တယ်။ အဖိုးမွေးနေ့ က နတ်တော်လကွယ်နေ့ ၊ ကြာသာပတေးနေ့ ဖွား၊ လာမယ့် နတ်တော်လကွယ်ဆို အဖိုးအသက် ၁၀၄ နှစ်ပြည့်မယ်လို့  အမေက ပြောပြတယ်။ ဒါဆို တွက်ကြည့်တာ အဖိုးမွေးနေ့ က မြန်မာခုနှစ်နဲ့ ဆို ၁၂၆၉ နတ်တော်လကွယ်နေ့ ။ အင်္ဂလိပ်လိုရော အတိအကျသိနိုင်မလား အင်တာနက်ပေါ်လိုက်၇ှာတာ မြန်မာနှစ် ၁၃၀၀ ကစလိုပဲ ရှာလို့ ၇တော့ ဘယ်ရက်လည်း ကြည့်မရခဲ့ဘူး။ အိမ်က လူကြီးတွေကို ပြန်မေးရင်တော့ သိနိုင်မယ် ထင်တယ်၊

ဘိုးဘပျို
မွေးဖွားသည့်ရက် - ၁၂၆၉ နတ်တော်လကွယ်နေ့ 
ကွယ်လွန်သည့်ရက် - ၁၃၇၃ တော်သလင်းလဆန်း ၇ ရက်နေ့  (၄-စက်တင်ဘာ-၂၀၁၁)

ကျွန်မတို့ ရဲ့ အဖိုး ဦးဘပျိုဟာ နှစ် ၁၀၃ နှစ်ကျော် ၁၀၄ နှစ်နီးပါး လူ့ ဘ၀မှာ နေသွားပြီး ငြိမ်းငြိမ်းချမ်းချမ်း နောက်တစ်ဘ၀ကို ကူးပြောင်းသွားခဲ့ပြီ။

ပြီးခဲ့တဲ့ စနေနေ့  ( ၁၀-စက်တင်ဘာ-၂၀၁၁) မှာ အဖိုးဆုံးတာ ၇ ရက်ပြည့်၊ ရက်လည် သပိတ်သွပ်ကို ကျွန်မတို့ ရဲ့ ဘကြီးအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဖိုးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှု့ တွေ လုပ်ကြခဲ့တယ်။

-အာရုံတက်မှာ ဘုန်းကြီး ၅ ပါးပင့်ပြီး သပိတ်သွပ် တရားနာ၊ ဆွမ်းကပ်၊ ပစ်စည်း ၆၇ မျိုးနဲ့ အလှူငွေကပ်
-မနက်ခင်းမှာ အိမ်ရှေ့ ကို ဆွမ်းခံကြွလာတဲ့ ရဟန်းကိုရင် အပါး ၂၄၀ ကို ဒန်ပေါက် ဆွမ်းလောင်း
(ပုံမှန်ဆို ကြီးတော်က မနက်တိုင်း အိမ်ရှေ့ မှ ဆွမ်းခံကြွသမျှ ကိုယ်တော်တိုင်းကို ထမင်းနဲ့  ဆွမ်းဟင်း လောင်းနေကြ။ အဲဒီနေ့ ကတော့ အဖိုးအတွက် ကုသိုလ်ကောင်းမှု့  အလှူပြုတဲ့အနေနဲ့  ဒန်ပေါက်ထမင်းနဲ့ ကြက်သားဟင်းချက်လောင်းတယ်။ ပုံမှန်နေ့ တိုင်းဆွမ်းလောင်းသလို သပိတ်ထဲ ဆွမ်းဟင်းခွက်နဲ့ ၊ ထမင်းထည့်လှူတာမျိုးမဟုတ်ပဲ ဒန်ပေါက်ထမင်းနဲ့ ဟင်းတွေကို ဘူးတွေနဲ့ ထည့်ပြီး ဆွမ်းလောင်းတာမျိုး လုပ်တာလို့  ပြောပြတယ်။ ဆွမ်းဘူးပေါင်း ၂၄၀ ကုန်သွားတဲ့အတွက် အဲဒီနေ့ မနက်က ဘုန်းကြီးနဲ့ ကိုယ်ရင် အပါး ၂၄၀ ဆွမ်းခံကြွတယ် သိခဲ့ရတာလို ပြောနိုင်တာပါ။ အဲဒီနေ့ က ကျွန်မ ဖုန်းဆက်တဲ့အချိန် မနက် ၇း၃၀ နာရီလောက်မှာတင် ပထမ ပြင်ဆင်ထားတဲ့ ၂၀၉ ဘူး ကုန်သွားလို့  ထပ်ပြင်ဆင် ဆွမ်းလောင်းနေတယ်လို့  သိခဲ့ရပါတယ်။)
- ရက်လည်ကြွလာတဲ့ ဧည့်သည်တွေကိုလည်း ဒန်ပေါက်နဲ့  ကြက်သားဟင်းကျွေးတယ်လို့ ပြောပြတယ်။ လူ ၃၀၀ လောက်လာတယ်လို့ သိရတယ်။

ဒန်ပေါက်ချက်တာ ဆန် ၂ တင်းခွဲ ကုန်တယ်၊ အကူရသမျှ ပစ်စည်းတွေကို အကုန် ပြန်လှူဖြစ်ခဲ့တယ်။ အလှူလာသမျှ လူတွေကို ကျွေးမွေးလှူဒါန်းတာ ဘာမှ လိုအပ်မှု့ မရှိ အဆင်ပြေပြေ လှူဒါန်းနိုင်တဲ့အတွက် ကျန်ရစ်သူမိသားစုတွေ၊ ကျွန်မ့ အမေနှင့် ဆွေမျိုးများ အားလုံး စိတ်အေးချမ်းမှု့  ရှိကြောင်း သိရပါတယ်။

* * *

သတင်းမေး အားပေးတဲ့ သူငယ်ချင်း၊ မိတ်ဆွေများကို မိသားစုဝင်အားလုံးက အထူးကျေးဇူးတင်ပါတယ်။

* * *
သူငယ်ချင်းတွေ မေးသလိုပဲ အဲဒီအဖိုးက ကျွန်မတို့ နဲ့ တူတူနေ၊ သူငယ်ချင်းတွေ တွေ့ ဖူးနေတဲ့ အဖိုးပါ။ အဖိုးက ကျွန်မတို့ အမေ၊ သူ့ ရဲ့ သမီး အငယ်ဆုံးကို စောင့်ရှာက်ဖို့  သမီးနဲ့ ပဲနေမယ်ဆိုပြီး ကျွန်မတို့  မိသားစုနဲ့  တူတူနေခဲ့တာပါ။ အဖိုးဆုံးတာကတော့ ရန်ကုန်မှာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၄-၅ နှစ်ကမှ အမေရဲ့ အစ်ကိုကြီး မိသားစုရှိတဲ့ သူ့ ဇာတိအရပ် ပြန်ပြောင်းနေတာပါ။

3 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

မနေ

အဖိုးက အသက် ၁၀၄နှစ်ဆိုတာ အတော် ကုသိုလ်ပါမီကံထူးတာပဲ။

နောက်ပြီး မနေ, အဖိုးက အသက်သာ ရာကျော်နေတာ လူက ပိန်ပိန်မဟုတ်ဘူး၊ ခပ်ပြည့်ပြည့်ရှိတယ် ဆိုတာတွေ သိရတော့ နန္ဒာ တော်တော်အံသြသွားတယ်။ ပုံမှာန် ၇၀ကျော် ၈၀ပဲ ထင်ထားတာ။ သာမာန် လူ့သက်တမ်းထက် အများကြီး ပိုနေသွားတာပဲ။

အဲလို အဖိုးဆီကနေ သူ့ဘဝ အတွေ့အကြုံတွေ၊ သိထားတဲ့ဗဟုသုတတွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေ အများကြီး အတူရှိစဉ်မှာ ပြောဖြစ်ကြမယ် ထင်တယ်။ စိတ်ဝင်စားဖို့ သိပ်ကောင်းမှာ။ နန္ဒာဆို နန္ဒာ့အဖိုးနဲ့ ရှိစဉ်က အဲလိုတွေ ပြောခိုင်းပြီး နားထောင်တာ၊ သူ့ကို ဇက်ကြော ဆွဲပေးရင်း၊ နှိပ်ပေးရင်းပေါ့။

နန္ဒာ့ အဖိုးဆုံးတာ ၂၀၀၂ကဆိုတော့ အခုဆို ၉နှစ်ရှိခဲ့ပြီ၊ အဖိုးက ဆီးချို၊ သွေးချိုနဲ့ ဆုံးတာ၊ မဆုံးခင်ထဲက ဆီးချိုကြောင့် ပိန်တယ်၊ ဒါပေမယ့် အဖိုး အသားအရည်က အရမ်းလှတယ်။ သူ့ခန္ဓာကိုယ်ကို စစ်ဆေးတက္ကသိုလ်ကို လှုတယ်လေ။ မြန်မာပြည်က ၉၆မှာ ထွက်သွားပြီး ၂၀၀၂မှာ အဖိုးကြောင့် အလည်ပြန်ပြီးထဲက အခုထိ မပြန်ဖြစ်သေးတာပေါ့။

တခါတခါ အရမ်း သတိရလို့ ကိုယ်ချင်းစာမိတယ်။ ဖြစ်နိုင်ရင် မနေ စိတ်ပါတဲ့အခါ အဖိုးအကြောင်းလေးတွေ ရေးပါ။ ဖတ်ရတာပေါ့။ နန္ဒာလဲ ရေးမယ် စိတ်ကူးထားတယ်။

မနေ,အဖိုးက သဂြိုဟ်တဲ့ အချိန်အထိ အသားအရည်က ပြောင်းလဲမှု့မရှိ နဂို အိပ်နေသလိုပဲလို့ သိရတာ ထူးခြားတာပေါ့။ လူ့ဘဝမှာ သာမာန် လူ့သက်တမ်းထက်လဲ အများကြီး ပိုနေသွားသလို ဘဝကူးလဲ ကောင်းတယ် ဆိုရမှာပေါ့နော်။

မနေ,အဖိုး မြင့်မြတ်ရာဘုံဘဝကို ရောက်နေမှာ ယုံကြည်ပါတယ်။

အဖိုး ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

Nay Nay Naing said...

ကျေးဇူးပါညီမလေးရေ..
အခွင့်အရေးပေးတယ်ဆို အဖိုးအကြောင်းတွေ ဒီမှာ ရေးမှတ်ထားဖို့ ကြိုးစားပါအုံးမယ်။

သက်ဝေ said...

အော... နေနေ့အဖိုးက အသက် ၁၀၄ နှစ်တောင် နေသွားရတာကိုး... ကိုယ်ကျင့်သီလကောင်းလို့ အဲဒီလို နေနိုင်တာ... ကုသိုလ် ပါရမီ အလွန်ထူးတာပဲ...

ကိုယ့်အဖိုးက အသက် ၉၅ နှစ်မှာ ဆုံးသွားတာ... အဲဒီတုံးက အချိန်တွေကို ပြန်သတိရသွားတယ်... ဘာရောဂါမှမရှိပဲ အသက်ကြီးလို့ ဖြစ်တဲ့ မီးဇာကုန် ဆီခမ်း ရောဂါပဲ ရှိတာလေ... ဒီလိုနဲ့ပဲ အစားအသောက် တဖြည်းဖြည်းနည်းလာပြီး အေးအေးချမ်းချမ်း ဘဝကူးသွားခဲ့တာ...

အခုတော့ လူတော်တော်များများမှာ အသက် လေးဆယ်ဝန်းကျင်ပဲရှိသေး ရောဂါလေးတွေ ကိုယ်စီနဲ့... Life Style တွေ ဘယ်လို ပြောင်းလို့ ဒီလို အခြေအနေတွေ ပြောင်းကုန်ကြတယ်ဆိုတာ စဉ်းစားနေမိတယ်...

နေနေ့အဖိုး ကောင်းသော ဘုံဘဝမှာ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်...