Pages

April 02, 2007

အင်ပါယာ ဂီတညချမ်း

ဒီနေ့ တော့ အဖော်သူငယ်ချင်းတွေ ကောင်းတာရယ်၊ တစုံတယောက်သော သူက တိုက်တွန်း အားပေးတာတွေရယ်ကြောင့် ပထမဆုံး အတွေ့ အကြုံ အနေနဲ့ စတိတ်ရှိုး သွားကြည့်ဖြစ်ခဲ့ပါတယ်။ ကျွန်မ သီချင်းတွေကို နှစ်သက်ပေမယ့် လူရှုပ်တဲ့ ပွဲတွေဆို သွားလေ့မရှိ၊ မနှစ်သက်တာကြောင့် ဘယ်စတိတ်ရှိုးမှ သွားမကြည့်ဖြစ်ခဲ့ဘူး။

ဒီနေ့  သွားကြည့်ဖြစ်တာက Emperor ရဲ့ သင်္ကြန်အကြို ဖျော်ဖြေပွဲပါ။ SP poly ထဲမှာလုပ်တာပါ။ အင်ပါယာ တီးဝိုင်းနဲ့  အတူ ဇော်ဝင်းထွဋ်၊ မျိုးကျော့မြိုင်၊ ထွန်းအိန္ဒြာဗိုလ်၊ L ဆိုင်းဇီ၊ ရေဗက္ကာဝင်းတို့ က သီချင်းတွေ သီဆို သွားပါတယ်။ Examplez အဖွဲ့ ကတော့ အင်ပါယာနဲ့ တွဲပြီး သီဆိုတာ မဟုတ်ဘဲ Karaoke ဆိုသလိုမျိုး နောက်ခံဂီတနဲ့ ပဲ သူတို့  သီချင်းတွေကို ဆိုသွားပါတယ်။ သူတို့ ရဲ့ သီချင်းတွေကလည်း အင်ပါရာက တီးပေးလို့ လည်း အဆင်ပြေမယ် မထင်ပါဘူး။ Examplez အဖွဲ့ တွေက ဒါဟာ သူတို့ အတွက် ပထမဆုံးသီဆိုရတဲ့ နိုင်ငံခြား ဖျော်ဖြေမှု ဖြစ်တယ်လို့ ပြောသွားတယ်။

ပွဲစချိန် ညနေ ၆ နာရီမှာ ပထမဆုံး ဇော်ဝင်းထွဋ်က သီချင်း ၃ ပုဒ် သီဆိုသွားတယ်လို့  သူငယ်ချင်းတွေက ပြောတယ်။ ကျွန်မ ရောက်တဲ့ အချိန်ကြတော့ L ဆိုင်းဇီ သီဆိုနေပါပြီ။ L ဆိုင်းဇီ က သူရဲ့ လူကြိုက်များ ထင်ရှားတဲ့ သီချင်းတွေပဲ သီဆိုသွားပါတယ်။ သူ့ သီချင်းတွေကိုတော့ အရင်ထဲက ရင်းနှီးပြီးသား၊ ကြိုက်ပြီးသားမို့  ဘာမှပြောစရာမရှိပါဘူး။ အရင် ဓာတ်ပုံတွေမှာ မြင်ဖူးထားတာ နည်းနည်းဝနေသလို ရှိပေမယ့် ဒီနေ့  မြင်ရတာကတော့ အဆင်ပြေပြေလေးပါပဲ။ ၀တ်ထားတာကတော့ အမိုက်စားပါပဲ။ အရင်တုန်းကထက်စာရင် ပြင်တတ်လာတယ် ဆိုရမယ်။
ရေဗက္ကာဝင်းရဲ့ သီချင်းတွေတော့ ကျွန်မသိပ်မသိပါဘူး။ လူကိုလည်း ဒီနေ့ မှပဲ ဘယ်လို ပုံစံရှိလည်း သေချာသိတော့တာပါ။ တချိန်လုံး လှုပ်ခါနေပြီး အိုက်တင်ထုတ်တာ နည်းနည်းလွန်နေသလို ရှိပေမယ့် ချစ်စရာလေးနဲ့  အဆိုးဘူးလို့  ဆိုရမယ်။ ကာလသားတွေ အကြိုက်ပေါ့။ သူငယ်ချင်းတစ်ယောက်က သတင်းပေးတယ်။ ရေဗက္ကာဝင်းကို မြန်မာပြည်ရဲ့ Britney Spears လို့  ပြောတာကြားဖူးတယ် ဆိုပဲ။ သူ့ ကိုယ်သူ ပြောတာလား၊ တခြားသူတွေက မြှောက်ပြောတာလား၊ အချွန်နဲ့ မပြီး ပြောတာလားတော့ အသိပါဘူး။ အရမ်းကို အိုင်တင်အပြည့် လှုပ်ရမ်းပြီး ဆိုသွားတာကတော့ နိုင်ငံခြား အဆိုတော်တွေ စတိုင်ပါပဲ။ သူ့ ရဲ့ သီချင်း မဟုတ်တဲ့ သီချင်းဟောင်းတွေကိုလည်း ဆိုသွား ပါသေးတယ်။
နောက်ထပ်သီဆိုတာကတော့ မခိုင်ပါ။ ဟိုနေ့ က အပြင်မှာတွေ့ ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က အတော်အိုနေပြီဆိုပေမယ့် စင်ပေါ်မှာတော့ သူအလှဆုံးပါပဲ။ ပထမဆုံး ထွက်လာတော့ ၀တ်ထားတာက အစိမ်းရောင် ဂါဝန်နဲ့ ပါ။ သူ့ ထုံးစံအတိုင်း ၀တ်ထားတယ် ပြောရမယ်။ အဝေးကနေတောင် လှမ်းပြီး သတိထားမိစေတာကတော့ သူ့ နားဆွဲကြီးတွေနဲ့  ဘယက်ကြီးပါပဲ။ မြူးမြူးကြွကြွနဲ့  သီချင်းတွေ သီဆို သွားပါတယ်။ ပွဲထိန်း အတော်ကောင်းပါတယ်။ တကိုယ်တော် ဖျော်ဖြေရုံမက ဇော်ဝင်းထွဋ်နဲ့ တွဲပြီး၊ မျိုးကျော့မြိုင်နဲ့ ရောတွဲပြီးပါ စုံတွဲ သီဆိုသွားပါတယ်။
နောက်တစ်ခေါက် သီဆိုသူကတော့ မျိုးကျော့မြိုင်ပါ။ မျိုးကျော့မြိုင်က တကိုယ်တော် အနေနဲ့  စုစုပေါင်း လေးပုဒ်ပဲ ဆိုသွားတဲ့ အတွက် သူသီချင်းတွေ နားထောင်ရတာ အားမရလိုက်ပါဘူး။ သူကတော့ ရိုးရိုးပဲ ၀တ်ထားပါတယ်။ သူ့ ကြည့်ရတာ တမျိုးကြီးပဲ။ နေမကောင်းလို့ များလား။ အရင်က မကြည့်ဖူးတာ ဒါ normal ပုံပဲလား မသိပါဘူး။ ပထမဆုံး သူ့ ကိုယ်သူ မိတ်ဆက်တဲ့ အနေနဲ့  ကျွန်တော့် နာမည် မျိုးကျော့မြိုင်၊ နောက်တော့ သူရဲ့မကောင်းတဲ့ အကျင့်အကြောင်း သီချင်းဆိုမယ်ဆိုတာနဲ့  အားလုံးက သိလိုက်ကြတဲ့ သူအမြဲ နောက်ကျတတ်တဲ့ ဆိုတဲ့ သီချင်းရယ်၊ သူအသက် ၃၅ ကျော် ၃၆ နား ကပ်နေပေမယ် သူအသက် ၃၃ နှစ်အရွယ်တုန်းက သူ့  ရဲ့ မကောင်းတဲ့ အကျင့်တွေ အကြောင်းကို စပ်ဆိုထားတာပါဆိုတဲ့ ( ခုလည်း ဒီတိုင်းပဲ မပြောင်းလဲ ပါဘူးလို့  ပြောသွားတယ်) သီချင်းတစ်ပုဒ်ရယ်။ နောက် နေရာတိုင်းမှာဆိုတဲ့ သီချင်းရယ်ကို သီဆိုသွားပါတယ်။ မျိုးကျော့မြိုင်ဆိုတဲ့ နေရာတိုင်းမှာ သီချင်းကို ကြိုက်တယ်။
မျိုးကျော့မြိုင်နောက်မှာ စင်ပေါ်တက်လာသူတွေက Examplez အဖွဲ့ ပါပဲ။ စိန်နားကပ်တွေ တ၀င်းဝင်းနဲ့  သူတို့ ရဲ့ သီချင်းတွေကို သီဆိုသွားပါတယ်။ ၄ ယောက်မှာ သုံးယောက်က နားကပ်တွေနဲ့ ပါ။ ထွန်းထွန်း နားကပ်ကတော့ အကြီးဆုံးပါပဲ။ သူတို့  ၄ ယောက်ထဲမှာ ကျွန်မ သတိထား အထားမိဆုံးကတော့ ထွန်းထွန်း ပါပဲ။ သရုပ်ဆောင်ပါလုပ်နေလို့ လားမသိဘူး အရမ်းကို အိုက်တင်အပြည့်နဲ့  သီချင်းဆိုသွားပါတယ်။ တချို့ သီချင်းတွေမှာဆို စင်ရှေ့ လေးမှာ (ဘာလို့ မှန်းတော့ မသိဘူး) ဒူးလေးထောက်ပြီး သီဆိုသွားတာ သနားစရာလေး ပါပဲ။ (တကယ် စိတ်လေတယ်) သူငယ်ချင်းတွေ ကတော့ အဲ့ဒီပုံကို အမိအရ ဓာတ်ပုံ ရိုက်ယူထားပါသေးတယ်။ ကျန်တဲ့ သူတွေကတော့ ပုံမှန်ပါပဲ။ Examplez က ကျွန်မ ကြားဖူးနေတဲ့ သူတို့ ရဲ့ နာမည်ကြီးတဲ့ သီချင်းတွေပဲ ဆိုသွားပါတယ်။ နောက်ထပ်ထွက်မယ့် အခွေက သီချင်းသစ် တပုဒ်ကိုလည်း သီဆိုသွားပါသေးတယ်။ အဲ့ဒီသီချင်းက မြူးတော့ အတော်မြူးပေမယ့် ရှေ့ ကကြည့်တော့ ဘာဖြစ်တယ်၊ နောက်က ကြည့်တော့ ဘာဖြစ်တယ် ဆိုလား ဆိုတဲ့ ( တိကျနေလိုက်တာ) စာသားကလွဲရင် ဘာကိုဆိုသွားမှန်း မသိပါဘူး။

Examplez သီချင်းဆိုနေချိန်မှာ တော်ပါတော့ဆိုပြီး နောက်က အော်နေသူများကို ထွန်းထွန်းက သူတို့ တွေဟာ အဆိုတော်တွေမို့ သီချင်း သီဆိုချင်လွန်းလို့  သီဆိုပါရစေ။ နောက်ထပ်ဆိုဖို့  နှစ်ပုဒ်ထဲ ကျန်ပါတော့တယ်။ အဲ့ဒါဆိုပြီးရင် ဆင်းမှာပါလို့ ပြောပြီး သီဆိုသွားပါတယ်။ သူတို့ ကိုကြည့်ပြီး အဆိုတော်လုပ်ရတာ အတော် မလွယ်ပါလားလို့ တွေးမိလိုက်တယ်။ နောက် အထဲပြန်ဝင်တော့မယ် လုပ်ပြီးမှာ မခိုင်နဲ့  အတူ သီချင်း တစ်ပုဒ်တွဲပြီး သီဆိုပါရစေဆိုပြီး နောက်ဆုံးသီချင်းတစ်ပုဒ်ကို ထွန်းအိန္ဒြာဗိုလ်နဲ့ တွဲပြီး သီဆိုသွားပါတယ်။ သူတို့ တွေ သီချင်း အားလုံးပေါင်း ဘယ်နှစ်ပုဒ်တွေ ဆိုသွားကြလည်းဆိုတာတော့ ကျွန်မ မမှတ်မိပါဘူး။

ဒုတိယအကြီမ် ထပ်ပြီး စင်ပေါ်တက်လာတဲ့ မခိုင်ကတော့ ဒီတခါ အနက်ရောင်ဘောင်ဘီရှည်နဲ့  လှလှပပ လေးပါ။ ဟန်မူယာ အပြည့် နဲ့  ပရိတ်သတ်တွေ ကျေနပ်အောင် သီချင်းအများအပြား ဆိုသွားပါတယ်။ သီချင်းဆိုနေတုန်း ခနခန ရေသောက်တာတော့ တွေ့ ရတယ်။ ဇော်ဝင်းထွဋ်ကတော့ နောက်ပိုင်းကျမှ နည်းနည်း ရေသောက်တာ တွေ့ ရတယ်။ မခိုင်က အားရပါးရ သီချင်းတွေ သီဆိုပြီးနောက် ဇော်ဝင်းထွဋ်ကို ခေါ်လိုက်ပြီး နောက်ဆုံး နှတ်ဆက်တဲ့ အနေနဲ့  စုံတွဲသီချင်းတစ်ပုဒ် သီဆိုသွားပါတယ်။

စုံတွဲသီချင်း မဆိုခင်မှာ ဇော်ဝင်းထွဋ်က ပရိတ်သတ်ကြီးကို အိမ်ပြန်ချိန်အထိ သူတာဝန်ယူလိုက်ပါမယ်လို့  ပြောလိုက်တော့ မျိုးကျော့မြိုင်များ ထပ်သီဆိုဦးမလား မျှော်နေမိတဲ့ ကျွန်မ အတော်လေး စိတ်မကောင်း ဖြစ်သွားခဲ့ ရတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း ဇော်ဝင်းထွဋ်ရဲ့ တကိုယ်တော် Rock သီချင်းတွေ အများကြီး သီဆိုတာကို ကြည့်လိုက်ရတာတော့ သဘောကျ ကျေနပ်သွားပါတယ်။ ပထမဆုံး သီဆိုတဲ့ ဆေးပေါင်းခတဲ့ည ကနေ နောက်ဆုံး သီဆိုတဲ့ သီချင်းအထိ အကုန်ကြိုက်တယ်။ ဆေးပေါင်းခတဲ့ ည သီချင်းနှစ်ပုဒ်လုံးကို ဒီပွဲမှာ သီဆိုသွားပါတယ်။ ဗုံတီးပြီး ဆိုသွားတာ အရမ်းမိုက်တယ်။ အဲ့ဒီပုံတွေ သူငယ်ချင်းတွေ ဓာတ်ပုံရိုက်တာ တွေ့ လိုက်တယ်။

ဇော်ဝင်းထွဋ်က သီချင်းတချို့ သီဆို အပြီးမှာ သူ့ သား အီတိုး နဲ့  သားအဖတွေ စင်ပေါ်မှာ ရန်ဖြစ်မယ်ဆိုပြီး သီချင်း တစ်ပုဒ် ကို သားနဲ့  အတူ တွဲဆိုပါတယ်။ သူ့ သားကို အတော်ဖြစ်စေချင်၊ အတော်ပန့် ပိုးပေးတဲ့ သူတစ်ယောက်ပါပဲ။ နောက်တော့ အီတိုးက တကိုယ်တော် သီချင်း ၃ ပုဒ် သီဆိုသွားရာမှာ နောက်ဆုံး ဆိုတဲ့ သူ ရဲ့ နာမည်ကြီးသီချင်း ဖြစ်တဲ့ စိတ်ချချင်တယ် ဆိုတဲ့ သီချင်းကိုပဲ ကျွန်မတော့ သေချာကြားလိုက် ပါတယ်။ ရှေ့ က သီချင်းနှစ်ပုဒ်ကိုတော့ ဘာတွေဆိုသွားမှန်း မသိလိုက်ပါဘူး။ အဲ့ဒီသီချင်းတွေဟာ သူရဲ့ ပထမဆုံးအခွေထဲက သီချင်းတွေ လို့ ပြောသွားပါတယ်။ သီချင်းခွေ အသစ်ထွက်ရင် နားမထောင်ဖြစ်တောင်မှ သိတာများပေမယ် အီတိုး သီချင်းခွေ ထွက်ပြီးပြီ ဆိုတာကိုတော့ ဒီနေ့ မှပဲ သိလိုက်ရတော့တယ်။ အီတိုးက လူကောင်ကြီးကတော့ သူအဖေထက် ကြီးနေပေမယ့် အသံကတော့ ကလေးသံ မပျောက်သေးပါဘူး။ သီချင်းဆိုနေရင် တစ်ချက် တစ်ချက် အသံပျောက်သွား သလိုပဲ။ အီတိုး သီချင်းဆိုနေချိန်မှာ ယောက်ဖခေါ်ပြီး၊ မင်းအဖေကို မမှီသေးဘူး၊ ထပ်ကြိုးစားလိုက်ဦးလို့  အားပေးသူ အတော်များများရဲ့ အသံတွေကိုလည်း ကြားလိုက်ရပါတယ်။

အိတိုး သီဆိုပြီးနောက် ဇော်ဝင်းထွဋ်ပြန်ထွက်လားပြီး ဆက်လက် သီဆိုပါတယ်။ဇော်ဝင်းထွဋ်ကိုလည်း ယောက်ခမကြီးလို့  အော်ခေါ်နေသံတွေ ကြားရတယ်။ သြော် သမီးရှင်ဖြစ်ရတာ မလွယ်ပါလားနော်။ ဇော်ဝင်းထွဋ် သီဆိုသွားတဲ့ Rock သီချင်းတွေကိုတော့ အကုန်ကြိုက်ပြီးသားမို့  ဘာမှ ပြောစရာမရှိပါဘူး။ အင်ပါယာ ဖျော်ဖြေပွဲဆိုတော့ ဇော်ဝင်းထွဋ်ကပဲ အဓိကဖြစ်ပြီး၊ သီချင်းတွေ အများကြီး သီဆိုသွားပါတယ်။ Rock သီချင်းတွေ အပြင် ထူးထူးခြားခြား သီဆိုသွားတဲ့ ၂၀၀၁ လက်ဆောင် သီချင်းကိုလည်းကြားရော အင်္ဂလန်မှာ ရှိနေတဲ့ သူငယ်ချင်း စုံတွဲကို အထူး သတိရသွားတယ်။ သူတို့ အတွက် အမှတ်တရ သီချင်းတပုဒ် ဖြစ်မယ် ထင်တယ်။ :D

နောက်ဆုံး အနေနဲ့  ဇော်ဝင်းထွဋ်က မြန်မာတွေရဲ့ နှစ်သစ်ကူးရောက်တော့မှာဖြစ်တယ်၊ နှစ်သစ်ကူးချိန်မှာဆို သူက ဒီမှာ ရှိမှာ မဟုတ်လို့  ပရိတ်သတ်တွေကို ကြိုတင်ပြီး နှုတ်ဆက်ပါရစေလို့ အစပျိုးကာ ရှေ့ ဆုံးတန်းမှာ ထိုင်နေသူတွေကို ရေနဲ့  လှမ်းပတ်ပြီး အဖြူကတမျိုး အနီကတမျိုးဆိုပြီး စဆိုလိုက်ရော.. ပရိတ်သတ် အားလုံး သင်္ကြန်ပိုးဝင်သွားပြီး မြူးမြူးကြွကြွနဲ့  လိုက်ဆိုကြ၊ အင်း... ရှေ့ ထွက်ကသူ တချို့ ကိုလည်း တွေ့ လိုက်ရ ပါသေးတယ်။ အရင် သီချင်းတွေတုန်းက နောက်ဖတ်မှာ ကနေသူ တချို့ ရှိပေမယ့် ဒီသီချင်းရောက်မှပဲ အရှေ့ မှာ အသေသွားက ကြတော့တာပါပဲ။ နောက်ထပ် သင်္ကြန်သီချင်းတစ်ပုဒ်ကို သီဆိုပြီး အင်ပါယာက အားလုံးကို နှတ်ဆက်၊ ပွဲသိမ်းချိန်မှာ ည ၁၀ ကျော်ရှိနေပါပြီ။

ဒီပွဲမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဓာတ်ပုံအများအပြားကို ကျွန်မ ရဲ့ သူငယ်ချင်းတွေက သူတို့ ရဲ့ အုန်းသီးကြီးတွေ သုံးပြီး တစ်ယောက်ကို ပုံ ၂၀၀ နီးပါးလောက် ရိုက်ထား ပါတယ်။ ဒါပေမယ့် ခုတော့ သူတို့ တွေဟာ ဓာတ်ပုံတွေ မပို့ အား၊ အင်တာနက်ပေါ် မတင်အားလောက်အောင် အလုပ်တွေ အရမ်းရှုပ်နေပါတယ်ဆိုလို့  နောက်ပိုင်း သူတို့ အားတော့မှပဲ အဲ့ဒီပုံတွေကို ကြည့်လို့ ရပါတော့မယ်။ မအားတဲ့ ကြားက ခု ဒီပိုစ့်မှာ တင်ထားတဲ့ ပုံလေးတွေ ပို့ ဖြစ်အောင်ပို့ ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင် ပါတယ်။ ဓာတ်ပုံတွေ ကြည့်ချင်နေတဲ့ ကျွန်မ... သူတို့ တွေကို ရှုပ်နေစေသော အလုပ်များ မြန်မြန်ရှင်းသွားပါစေလို့  ဆုတောင်းနေရုံပဲ တတ်နိုင်ပါတော့တယ်..

10 comments:

Anonymous said...

ရေးလဲရေးနိုင်လွန်းတဲ့ မရွေချောရယ်.. ဖုံးတစ်ဖက်နဲ့ အလုပ်ရှုပ်နေတယ်လို့ ထင်နေတာ မှားပါတယ်..
show တစ်ခုလုံးကို ထင်းကနဲ ပေါ်လာအောင်ရေးနိုင်တဲ့ အရေးအသား ၊ လူကသေးသလောက်
အလုပ်နှစ်ခုသုံးခုကို တချိန်တည်းလုပ်နိုင်တဲ့ ဦးနှောက်ကြီးကြီးကိုလေးစားပါတယ်ဗျာ..
ဗိုက်ဆာနေတုန်း Old Chen Kee ၀ယ်လာပေးတဲ့အတွက်လည်းကျေးဇူးပါပဲဗျာ..

TZA said...

ကျေးဇူးတင်ပါတယ်ဗျား..
မသွားဖြစ်တဲ့ကျနော်တို့လိုလူအတွက် အင်မတန်မှ တန်ဖိုးရှိကြောင်းပါ...

ညီညီ(သံလွင်) said...

အေးဟာ.. လက်မှတ်ဝယ်ထားပြီး မကြည့်လိုက်ရတဲ့ ပွဲလေး အကြောင်းကို မြင်သာအောင် ရေးပြထားတာ ကျေးဇူးပဲ.. မျိုးကျော့မြိုင်က လေးပုဒ်ပဲ ဆိုသွားတယ် ဆိုတော့ တော်သေးတာပေါ့။ အပုဒ် ၂၀ လောက်များ ဆိုသွားရင် အဲဒီပွဲ သွားမကြည့်လိုက်ရတဲ့အတွက် အတော့်ကို နောင်တရနေမှာ..

Nay Nay Naing said...

ကိုငယ် >> ခုလို အားပေးတာ ကျေးဇူးတင်ပါတယ်.. :D.. မုန့် ဝယ်လာတဲ့ ကိစ္စကတော့ အထူးလုပ်ပြီး ပြောနေစရာမလို ပါဘူး။ :)

ကို TZA>> exam နီးလို့ မလာဖြစ်တာ မဟုတ်လား။ Good Luck!.. show မှာ ရိုက်ထားတဲ့ ခပ်မိုက်မိုက်ပုံလေးတွေ ရှိသေးတယ်. Photographers ကြီးတွေ မအားလို့  မတင်နိုင်ဘူးဖြစ်နေတာဗျ ..

ညီညီ >> မျိုးကျော့မြိုင်က နင်လာမကြည့်ဖြစ်လို့ ၎ ပုဒ်ပဲ ဆိုသွားတာလားမသိဘူးနော်။ ညီညီ နောင်တရနေမှာမျိုး မဖြစ်စေချင်လို့  ဖြစ်လိမ့် မယ်။

Unknown said...

Thanks for the detailed description

Min Htet said...

Thanks for detail description,It would be really good to see that show.

Nay Nay Naing said...

Bro Osprey and Aye Aung,

I am so glad to see ur comments :).. Thanks for visiting here and dropping the comment!

မေ said...

နေနေ
မျိုးကျော်မြိုင်ပုံကြည့်ရတာ တမျိုးပဲ၊ ပလန်းနက်ကပုံမှာလဲ မျက်နှာတွေကျနေတယ်။ အဲဒီပွဲကို သူနဲ့ ကိုညီထွဋ်ကြောင့် ကြည့်ချင်တာ၊ မကြည့်ဖြစ်ဘူး။ ခုလိုရေးပေးတာကျေးဇူးတင်ပါတယ်။
ဒါနဲ့ မမေဆီမှာ အီတိုးခွေ ရှိတယ်၊ မမေ သိပ်မကြိုက်လို့ နားမထောင်ဖြစ်ဘူး။ လိုချင်ရင် ပီအမ်လိုက်နော်။

Anonymous said...

sis nay nay,
ခုလိုဒီစတိတ်ရှိုးကို မျက်လုံးထဲမှာ ထင်းကနဲနေအောင် ရေးပေးတဲ့ အတွက် ကျေးဇူး.. ဒီပွဲကိုသွားမကြည့်ဖြစ်တဲ့ သူတွေအတွက် တော်တော်လေးကို တန်ဖိုးရှိတဲ့ post ပါ.. Thanks sis.. =)

demo

Nay Nay Naing said...

မမေ >> အဲ့ဒီနေ့ က မျိုးကျော့မြိုင် လမ်းလျှောက်ပုံကြီးက တစ်မျိုးကြီးပဲ။ နောက်ပြီး သူကြည့်ရတာ ထုံထုံထိုင်းထိုင်းကြီး ဖြစ်နေသလိုပဲ.. နေမကောင်းဘူးနဲ့ တူပါတယ်။ အီတိုးအခွေအတွက် ပီအမ်ပို့ ထားလိုက်တယ်နော်.. ကျေးဇူးပါပဲ မမေ.

demo >> my pleasure :) နောက်ပိုင်း အဆင်ပြေလို့  စတိတ်ရှိုးသွားကြည့်ဖြစ်ရင် ရေးပါဦးမယ်...