ခုလတွေမှာ ပုံမှန်ဆို ကြားရက်တွေဆို အလုပ်နဲ့  အိမ်၊ ပိတ်ရက်ဆို အိမ်မှာနေ။ ဒါကတော့ အပြင်ထွက်ဖြစ်တဲ့ ပိတ်ရက်တစ်ခု။ အဲဒီအပတ် သောကြာနေ့ က Hari Raya Puasa မို့  ရုံးတွေ ပိတ်တယ်။ Weekend နဲ့ ဆက်သွားတော့ ၃ ရက်ပိတ်ရက်တော့ Long Weekend လို့ ခေါ်မလား၊ တကယ်ဆို ၃ရက်တည်းပိတ်တာ နည်းလွန်းပါတယ်။ စနေ၊တနင်္ဂနွေကို ကြားမှာထား ရှေ့ နှစ်ရက်ပိတ်၊ နောက်နှစ်ရက်ပိတ်တဲ့ Long Weekend မျိုး တစ်လ တစ်ခါလောက်ရမယ် လိုချင်တယ်။
အဲဒီပိတ်ရက် သောကြာနေ့ မှာ အိမ်မှာပဲနေဖြစ်တယ်။ ဒါပေမယ့် စနေနေ့ မှာ တစ်နေကုန် အပြင်ထွက်ဖြစ်ခဲ့တယ်။ ပထမဆုံးသွားတာ တိရစ္ဆာန်ရုံ။ IBM Day @ Zoo ဆိုပြီး အခမဲ့ ၀င်ခွင့်လက်မှတ်ရလို့ သွားဖြစ်တာပါ။ ကျွန်မကတော့ IBM မှာအလုပ်လုပ်တာမဟုတ်ပါဘူး။ ဒါပေမယ့်
IBM မှာ အလုပ်လုပ်တဲ့ အသိတစ်ယောက် လိုက်မယ်ဆို Tickets တွေယူထားမယ်ဆိုတာနဲ့  တခြားသူငယ်ချင်းတွေ နဲ့ အတူ သွားဖြစ်ခဲ့တာ။ ဒါကတော့ သုံးခေါက်ချိုးထားတဲ့ ၀င်ခွင့်လက်မှတ်။ ဒီဓာတ်ပုံကိုက Bus ပေါ်မှာ ရိုက်ထားတာ။ သဘောကောင်းရုပ်ချောအပြောချိုတဲ့ ညီမငယ်တစ်ဦးက လက်မှတ်ကို ဓာတ်ပုံရိုက်ဖို့ အဆင်ပြေအောင် ကိုင်ထားပေးခဲ့တယ်။ (မုန့် ဝယ်ကျွေးသင့်ပြီ)
IBM Day @ The Zoo (Saturday - 2010-09-11)
အခုလို လို ကြိုတင်မှာထားတာတွေလည်း ရှိတယ်။ ဒီမှာ No 6. က အချက်ဖတ်ပြီး ကိုယ်တွေက ကျင့်သားရနေပြီလို့ တောင်ပြောမိကြသေးတယ်။ ဒါပေမယ့် အဲလို ကြိုသတိပေးတာမလဲ မမှားပါဘူး။ လာမယ့်သူတွေက လူမျိုးစုံ။ မိသားစုနေ့ ဆိုတော့ ကလေးတွေပါ ပါလာခေါ်လာကြမှာ။ တော်ကြာ ဟိုမှ ခြင်ကိုက်လို့  ဟိုကပြန်လာပြီးနောက် ဖျားကြပြီး ဆေးကုရပါတယ် ဆိုပြီး တရားစွဲနေရင် မလွယ်ဘူး။ တချို့  နိုင်ငံက လူတွေက ဘာဖြစ်ဖြစ် တရားစွဲလိုက်မယ်ဆိုတာကြီးပဲ။ ဒီမှာ ကြည့်။
Kranji ထိရထားစီးသွားပြီး အဲဒီကမှာ IBM က စီစဉ်ပေးထားတဲ့ Shuttle Bus စီးသွားတာပါ။ Zoo မရောက်ခင် အတော်ဝေးဝေးကတင် ကားလမ်းမဘေးမှာ ရပ်ထားတဲ့ ကားတွေကြည့်ပြီး အတော်လူများမယ်ဆိုတာ သိသာနေပြီ။ ပိတ်ရက် ၃ ရက်၊ Hari Raya ၊ IBM Day ဆိုတော့ လူအရမ်းများတာ မဆန်းဘူးဆိုရမယ်။
Ticket ၀ယ်တဲ့နေရာမှာ လူတန်းက အတော်ရှည်တယ်။ တော်သေးတယ် IBM Ticket နဲ့ ဆိုတော့ တန်းစရာမလိုဘူး။ ဘေးပေါက်ကနေ ၀င်ရတယ်။ မ၀င်ခင် တစ်ယောက် ရေးဘူးတစ်ဘူးစီလည်းပေးတယ်။ ကားပေါ်မတက်ခင် ၀ယ်လာတဲ့ ရေဗူးဖိုးတောင် နှမျောသွားရတယ်။ ရောက်တဲ့အချိန်က ၁၁ နာရီကျော်ပြီဆိုတော့ တခြား ဘာညာကြည့်ဖို့ ထက်စာရင် နေ့ လည်စာ သွားစားဖို့ ပဲ စိတ်သန်နေကြပြီ။ ဗိုက်ဆာနေပြီ။ ရေခဲမုန့်  Popcorn လည်းရမယ်တဲ့။ Ticket ထဲမှာပါတဲ့ Pavilion by the Lake ဆိုတဲ့နေရာ အမြန်သွားကြတယ်။ ဒါတောင်မှ လမ်းမှာ ဓာတ်ပုံ ၁၄-၅ ပုံ ရိုက်ဖြစ်အောင် ရိုက်ကြသေးတယ်။ လာတဲ့ရည်ရွယ်ချက်က လည်း တရိစ္ဆာန်ကြည့်ဖို့ မဟုတ်ဘူး၊ ဓာတ်ပုံရိုက်ဖို့  တဲ့။ တကယ်လည်း ရည်ရွယ်ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ကြပါပေတယ်။
အဲဒီနေ့ က တိရစ္ဆာန်ရုံကို ရောက်ခဲ့ကြောင်း သက်သေတစ်ခု။
တခြားသူတွေ အသာထား IBM ကလူတွေ ဘယ်လောက်များလဲဆို ဒီအောက်ကပုံမှာကြည့်ရင်သိနိုင်တယ်။ တကယ့်ကို အေးအေးဆေးဆေး အခင်းတွေယူလာပြီ ထိုင်နေကြတာ။ မိသားစုတွေ အများကြီး၊ ကလေးတွေလည်းအများကြီး။ ကလေးတွေအတွက် သီးသန့် အစီအစဉ်တွေလည်း ပါတယ်။ ကျွန်မတို့ တောင် နေ့ လည်စာစားရင် ခဏတဖြုတ်ထိုင် ကြည့်ခဲ့တယ်။ မိဘတွေ၊ကလေးတွေ အသံတွေဆူညံနေပေမယ့် သူတို့ တွေက ကြည့်ရတာ ပျော်စရာကြီးပါ။
ဘာတွေစားခဲ့လဲဆို.. ပထမဆုံး Ticket ထဲမှာပါတဲ့ လက်မှတ်လေးဖြတ်ပြီး Popcorn ယူ စားတယ်။ ချိုတယ်၊ ပုံမှန်ဆို စားဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပါးစပ်ထဲ ထည့်ရင်းထည့်ရင်း ဘယ်လိုကုန်သွားလဲတောင် မသိလိုက်ဘူး။ နောက်ပြီးတော့ နေ့ လည်စာ သွားယူစားတယ်။ နေ့လည်စာက KFC။ တစ်ယောက် တစ်ဗူး။ ဒါလည်း ဗိုက်ဆာလို့ လားမသိဘူး အကုန် ကုန်သွားတာပဲ။ လျှောက်မကြည့်ခင် အားဖြည့်ရမယ်လေ။ ပြီးတော့ Coke သောက်၊ ရေသောက်။ အားအင်အပြည့်နဲ့  လျှောက်သွားဖို့  အဆင်သင့်ဖြစ်ပြီ။
အဲဒီနေ့ က ရာသီဥတုက သာယာတယ်။ မိုးမရွာဘူး။ နေပူလို့ တောင် အိုက်စပ်စပ်ဖြစ်သေးတယ်။ အိုက်နေမယ် ဆိုပြီး ၀ါသနာရှင် ညီမငယ်တစ်ယောက်က ဆံပင်တွေကို ဖွတ်မြီးခေါ်လား၊ ကြက်ဆံမြီးခေါ်လား အဲဒါလာ ကျစ်ပေးတယ်။ အင်း.. ဆံပင်သွားညှပ်ရ အုံးမယ်။ ကဲ အားလုံးပြီးတော့ သွားကြမယ်ဆို.. မသွားရသေးဘူး၊ ရေခဲမုန့် စားရင် ထိုင်ပြီးအနားအရင် ထပ်ယူကြတယ်။ ရပ်နေရင်း ဘယ်ကစကြည့်မှာလဲ မေးမိတော့ အပေါ်မှာပြောသလို ဘာကောင်မှ ကြည့်ဖို့ စိတ်မ၀င်စားကြဘူးတဲ့။
တိရစ္ဆာန်ရုံလာပြီး တိရစ္ဆာန်တွေ မကြည့်ရဘူးဆိုတော့ စိတ်ဆိုးချင်စရာ။ ဒါပေမယ့်လည်း ကိစ္စတော့ မရှိပါဘူး။ ဒီနေရာကို ဒါပထမ ဆုံးအကြိမ်ရောက်ဖူးတာမှ မဟုတ်တာ။ အခုအကြိမ်နဲ့ ဆို ၃ ကြိမ်မြောက်။ ပထမ နဲ့  ဒုတိယအကြိမ်တွေက အကောင်တွေက သေသေချာချာ ကြည့်ထားတယ်။ Singapore Zoo ဘယ်လောက် အရွယ်အစားရှိတယ်ဆိုတာကို ရောက်ဖူးတဲ့သူတွေ သိမှာပါ။ ဒီလိုနေရာကို ၃ ခေါက်မြောက်ဆိုတော့ အဲဒီမှာရှိတဲ့ အကောင်တွေဟာ မှတ်ဥာဏ်ကောင်းတဲ့ တိရစ္ဆာန်တွေသာ ဖြစ်မယ်ဆို သူတို့ တွေလည်း ကိုယ့်ကို မှတ်မိနေလောက်တယ်။ စိတ်ဒုံးဒုံးချ လိုက်ပါတယ်။ ဘာကောင်မှ မကြည့်တော့ဘူး၊ ဓာတ်ပုံတွေပဲ လိုက်ရိုက်ပေးတော့မယ်။
ဒီနေရာမှာ ပိုစ့်ပေးကောင်းတဲ့ ညီမငယ်ကို မှတ်တမ်းတင်ပါတယ်။ Camera ချိန်လိုက်တာနဲ့  လာထား၊ ပုံစံမထပ်တဲ့ အိုက်တင်မျိုးစုံ ပေးပြီး သားပဲ။ ရိုက်သမျှပုံတွေမှာ သူငယ်ချင်းတွေ ပုံပါနေတော့ ဒီမှာ မတင်တော့ပါဘူး။ အဲဒီနေ့ က ကျွန်မ camera မှာ အားလုံးရိုက်တာ ၂၅၀ နီးပါ။ ကိုယ့်လူတွေ မပါတာ ၁၀ ပုံလောက်ပဲ ရှိတယ်။ စိတ်လက်ပေါ့ပါး မြူးနေတဲ့ မော်ဒယ်မမလေးတွေကို လိုက်ရိုက်နေရတော့.. ဟိုးအရင်လို လူမပါပဲ တခြားစိတ်ကူးထဲ မျက်စိထဲတည့်တာလေးတွေ လိုက်ရိုက်ဖို့  လက်က ထပ်မလှုပ်ချင်တော့ဘူးလေ။
ဒါကတော့ ဓာတ်ပုံရိုက်နေတဲ့ ကျွန်မတို့ အနားကပ်လာတဲ့ ကလေးလေးပါ။ ရိုက်ကွင်းထဲ ၀င်လာလို့  သူ့ ပုံပါ ရိုက်ယူထားလိုက်တယ်။ ခေါင်းပေါ်က ဦးထုပ်မှာ ရေးထားတယ်။ Holidays!!..
ဒါကတော့ လှမ်းမြင်လိုက်တဲ့ အဝေးက အရာတစ်ခု။ Boat Rides @ the Zoo ဆိုတာ ထင်တာပဲ။ သေချာ မသိဘူး။ တခါမှ မစီးဖူးဘူး။
တကယ်ပါ။ အဲဒီနေ့ က တိရစ္ဆာန်ရုံမှာ မျောက် ၄-၅ ကောင်၊ ဆင် ၂ ကောင်၊ သားပိုက်ကောင်တွေကို အဝေးကနေ၊ ဘာငှက်မှန်းမသိတာ ၂ ကောင် ဒါလားပဲ သေချာတွေ့ ခဲ့ရပါတယ်။ ခြင်္သေ့ မမြင်ခဲ့ရဘူး။ ကျားကိုတော့ ကျောက်ရုပ်ကျားကြီးနဲ့  ကတ်ထူးပြားကျားဖြူ အရုပ်ကြီး မြင်ခဲ့ပါတယ်။ အကောင်တွေရှေ့ မှာ လူတွေက ကျိတ်ကျိတ်တိုးဆိုတော့ လူတွေကို တိုးခွေ့ ဝင်ကြည့်ဖို့ လည်း စိတ်မ၀င်စားတော့ဘူး။
ဒါတွေက ဒီတစ်ခေါက် တိရစ္ဆာန်ရုံမှာ ကျွန်မ မြင်ခဲ့တဲ့ အကောင်တွေ။
အဲဒီနေ့ က တရိစ္ဆာန်ရုံမှာ အကြာကြီး မနေဖြစ်ဘူး။ လမ်းလျှောက်တာလည်း ၀ါသနာမပါကြ၊ အကောင်တွေကြည့်ဖို့ လည်း စိတ်မ၀င်စား၊ ချိန်းထားတာလေးတွေ ရှိကြတယ်ဆိုတော့ ပြန်ဖို့ စီစဉ်ပေးတဲ့ ပထမဆုံး ထွက်တဲ့ Bus (3:30 PM) နဲ့ ပြန်လိုက်ခဲ့တယ်။ ချိန်းတဲ့သူက ပြန်တာဖို့ စိတ်ကူးတာ၊ ဘာမှမချိန်းထားတဲ့ ကျွန်မတို့ ကတော့ ပြန်ဖို့ စိတ်မကူးသေးပဲ Bugis ဘက်သွားဖြစ်တယ်။ Bugis Street Market လည်း ရောက်တယ်။ Bugis Street အကြောင်းသိချင်ရင်
Mr.DBA - Singapore 93 (ဘူးဂစ်လမ်းကြားဈေး) မှာ ဖတ်ပါ။
Bugis Street ကို အရင်က ရောက်ဖူးတယ်။ အဲဒီအနားမှာ အလုပ်လုပ်ခဲ့ ဖူးတယ်။ အဲဒီတုန်းကရောက်တာလဲ ဖြတ်သွားဖြတ်လာ့ ရောက်တာပါ။ အခုတစ်ခေါက်တော့ အသစ်ဖွင့်တယ်ဆိုတဲ့ အပေါ်ကဆိုင်တွေ သွားကြည့်ခဲ့တယ်။ ပထမဆုံးအကြိမ် အဲဒီဈေးတန်းထဲဆိုင်တွေို့ ဟိုကြည့်ဒီကြည့် သေချာ လျှောက်ကြည့်ဖြစ်လို့ လည်းပြောနိုင်တယ်။ တစ်ခုသတိထားမိတာ အဲဒီမှာ ရောင်းတဲ့ ဆိုင်တွေက လူအချို့  အတော်ရိုင်းတယ်။ စကားပြောတဲ့ လေယူလေသိမ်းနားထောင်ရတာ ပြည်ကြီးက တရုတ်တွေ ထင်တာပါပဲ။ ကိုယ်ကပဲ ရိုင်းတဲ့သူတွေနဲ့ တွေ့ ခဲ့တာလားတော့ မသိဘူး။
Bugis Street ဟိုကြည့်ဒီကြည့် နည်းနည်း လုပ်ကြပြီး Golden Miles ကို ညစာစားဖို့  ဆက်သွားကြတယ်။ အစားအသောက်ပုံတွေလည်း ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ပါဘူး။ ဗိုက်ဆာနေတော့ စားဖို့ ပဲ စိတ်ထဲရှိတယ်။ စားတာတွေကလည်း အထူးအဆန်းတွေမှ မဟုတ်တာ။ စားလေ့ရှိတာတွေပဲ စားဖြစ်ခဲ့တာပါ။ ပြီးတော့ မစားဖြစ်တာကြာပြီဖြစ်တဲ့ သရက်သီး ၀ယ်စားတယ်။ အားလုံးလည်းပြီးရော ဗိုက်လည်းပြည့်၊ မိုးလဲချုပ်နေတာမို့  ရထားကြီးစီးပြီး အိမ်ပြန်လာခဲ့ပါတယ်။
Weekdays ဆိုအလုပ်သွား၊ Weekend ဆို အခန်းတွင်းအောင်းနေတာ အတော်ကြာပြီ။ အခုနောက်ပိုင်းတော့ အိမ်မှာပဲ မနေပါနဲ့  အပြင်လေးဘာလေး ထွက်ပါအုံးဆိုတဲ့ စကား နားထောင်ဖို့  ကြိုးစားရပါအုံးမယ်။