Pages

August 01, 2007

၈လပိုင်း ၁ရက်နေ့ 

ဒီနေ့  ၁ ရက် ၈ လ ..
၈ လပိုင်းရဲ့ ပထမဆုံးနေ့ မှာ မကြာခင်မှာ ကျရောက်တော့မယ့် ၈ လေးလုံး နှစ်ပတ်လည်နေ့ အကြောင်း တွေးမိရင်း ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ရေးတဲ့ "သစ္စာ" ဆိုတဲ့ ကဗျာကို ပြန်ဖတ်မိတယ်။

၈၈ အရေးတော်ပုံနဲ့ ပတ်သက်လို့  ဗမာပြည် သတင်းဆိုဒ်တွေမှာ ဖတ်လာရတာ အတော်ကြာပြီ။ ဒီနှစ်ဆို ဘလော့တွေမှာပါ အဲ့ဒီ အကြောင်းရေးတာတွေ ဖတ်နေရပါပြီ။ သတင်းတွေ၊ အကြောင်းအရာတွေ၊ ခံစားချက်တွေကတော့ အစုံပါပဲ။ ၈ လေးလုံး အရေးတော်ပုံဟာ ၈၈ ခုနှစ်က ဖြစ်ပွါးခဲ့တာဆိုတော့ ခုလာမည့် ၈ ရက်နေ့ ဆို ၁၉ နှစ်ရှိပြီပေါ့ ။ ၁၉ နှစ်ဆိုတာ ဘာမှ မကြာလိုက်သလိုပါလားလို့  ထင်ရပေမယ့်၊ တကယ်ဆို ၁၉ နှစ်ဆိုတဲ့ သက်တန်းဟာ အတော်ကြီးကို ကြာရှည်နေပြီ လို့  ပြောရမယ်။ ဒီလာမယ့် ၁၉ နှစ်ပြည့် နှစ်ပတ်လည်ဟာလည်း သူ့ အရင် နှစ်တွေကလိုပဲ ပြီးဆုံးသွားမှာလား။ ကိုယ်တိုင်တော့ ဘာမှလဲ ဘာမှလည်း ပါဝင်လုပ်ကိုင်ခြင်းမရှိ၊ ကြိုးစားခြင်းမရှိပေမယ့်၊ အောင်မြင်မှုတွေရတာကိုတော့ မြင်ချင်သား..
တို့ နိုင်ငံမှာလည်း ကိုယ့်လိုလူတွေကြီးပဲ များနေတယ် ထင်ပါတယ်။

ကဗျာလေးဖတ်ပြီး အများအတွက် အသက်ပေးလှူသွားသူတွေနဲ့  ဒီ ကဗျာထဲကလို သစ္စာဆိုဝင့်သူတွေကို အားကျ၊ အထင်ကြီး၊ လေးစားမိပါတယ်။
သစ္စာ
အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာ ပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေးပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေးတော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ဝိညာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အားထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့ ၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ် ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက်လမ်းတ၀က်မှ ပေးဆပ်ရလည်း
လူဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ်ကျွေပွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့် ကြိုကြပါလေ။

မင်းကိုနိုင်

Poem Credit to THKZ

2 comments:

ကလိုစေးထူး said...

ဒီကဗျာ အကို့ဆီမှာ မရှိသေးလို့ ကူးသွားတယ်နေနေ။ :)

Nay Nay Naing said...

ဒီကဗျာ ကူးသွားတယ်ဆိုတာ အထူးပြောနေစရာ မလိုပါဘူး ကိုသံလွင်။ ဒီကဗျာက THKZ စီက ကူးထားတာပါ။ ညီမ တခြားကဗျာတွေလိုချင်တိုင်း ရှာဖွေပေးတဲ့ အစ်ကိုသံလွင်ကို ကျေးဇူးတင်ပါတယ်။