Pages

July 27, 2010

သံယောဇဉ်အမျှင်တန်း....

ပထမဆုံး အစအဆုံးပြီးအောင် ဆော့ဖြစ်ခဲ့တဲ့ PC ဂိမ်း။ ဒီဂိမ်း အရမ်းနာမည်ကြီးတဲ့အချိန် ၂၀၀၈-၂၀၀၉ ၁၉၉၈-၁၉၉၉ (မှားဖြစ်အောင်မှားရေး လိုက်သေးတယ် - ကျေးဇူး PMZ) လောက်က ရန်ကုန်မှာ သင်တန်းတွေပြီးလို့  အိမ်ပြန်ရောက်တာနဲ့  ဂိမ်းဆော့ခဲ့တယ်။ နောက်ပိုင်း ကျောင်းတတ်ဖို့ ထွက်လာတော့လည်း ဆက်ဆော့ ဖြစ်တယ်။ တစ်ယောက်တည်း ဆော့သလို သူငယ်ချင်းတွေနဲ့  အွန်လိုင်းချိန်းပြီးလည်း ဆော့တယ်။ အလုပ်ခွင်စ အချိန်ကဆို အတော်ကြီးပြန်ဆော့ ဖြစ်သေးတယ်။ သောကြာ၊ စနေညတွေဆို မအိပ်သလောက်နီးနီး ဂိမ်းကို ကြိုးစားပန်းစားဆော့ခဲ့တာ။ လွန်ခဲ့တဲ့ ၄ နှစ်လောက် အထိ ဒီဂိမ်း ဆော့ဖြစ်နေသေးတယ်။ နောက်ပိုင်းတော့ PC ဂိမ်တွေ မဆော့တော့ဘူး စိတ်ကူးပြီး ကွန်ပြူတာမှာ install လုပ်မထား ဖြစ်တော့ဘူး။

II ထွက်မယ် သတင်းကြားတော့ ဒါလေးဆော့ချင်လိုက်တာဆို ပြောမိတယ်။ Mac အတွက်လည်း ထွက်မှာ၊ ဒီဂိမ်းကို ဘယ်လိုဆော့ခဲ့တာ၊ ဘာညာစတာတွေကို ဒီနှစ်တွေအတွင်း ဘယ်နှစ်ကြိမ်တောင် ပြောမိခဲ့လည်း မသိဘူး။ ဂိမ်းလုံးဝ ဆော့လေ့ မရှိသူ၊ ဂိမ်ဆော့တာ မနှစ်သက်သူကတောင်မှ ဒီဂိမ်း လိုချင်တယ်၊ ဆော့ချင်တယ်ဆို သူ ၀ယ်ပေးမယ်လို့  နောက်ဆုံးမှာ ပြောလာတယ်။ မှတ်မှတ်ယယ လွန်ခဲ့တဲ့ ၃-၄ လကတောင် သူက သတိတရနဲ့  ၂၀၁၀ ထဲမှာ ဆော့ချင်တယ် ဆိုတဲ့ ဂိမ်းထွက်မယ် ပြောထားတာ ထွက်ပြီလား ၀ယ်ပေးမယ်လေဆို မေးလာသေးတယ်။ သူလုံးဝ မနှစ်သက်ပေမယ့် ကိုယ်ကြိုက်တာလေး သတိတရ မေးလာတယ်တယ်ဆိုတော့ကား စိတ်ချမ်းသာပါတယ်။

အဲလိုဝယ်ပေးမယ် ဆိုတိုင်းလည်း ဆော့လို့ သင့်ပါ့မလား တွေးရသေးတယ်။ အခုလို ဘာဂိမ်းမှ မဆော့ပဲနေရင် ဘာမှ မဖြစ်ဘူး။ (Web က ဂိမ်းသေးလေးတွေတော့ ဆော့တုန်းပေါ့ :">) နေလို့ ရတယ်။ အဲ.. ၀ယ်ပေးလို့  ဆော့ဖြစ်မယ်ဆို ဂိမ်းဆော့တာနဲ့  အတော်ကြီး အချိန်ကုန်မယ်။ ကိုယ့်အကြောင်းကို ကိုယ်သိနေတယ်။ ဂိမ်းလည်းဆော့၊ ဆော့တာနဲ့  အမျှ တခြားလုပ်စရာတွေမှာ လစ်ဟင်းမှု့ မရှိအောင်ဆို ပိုလုပ်ရ အုံးမယ်။ ဒီတိုင်း ပုံမှန် အလုပ်နဲ့  ကိုယ်လုပ်ချင်တာတွေ လျှောက်လုပ်နေတာနဲ့ တောင်မှ တချို့ ရက်တွေ ၃-၄ နာရီလောက် အိပ်ဖြစ်တာ။ မဖြစ်ပါဘူး။ အရေးကြီးတာ ဘာလဲသေချာစဉ်းစားပြီး ဂိမ်း မဆော့တာ ကောင်းပါတယ်။ မ၀ယ်ဘူး/ မယူဘူးဆိုတဲ့ ဆုံးဖြတ်လိုက်တယ်။ ခုချိန်ထိတော့ အဲဒီအချက် ထိန်းထားနိုင်ပါတယ်။
ဒါပေမယ့် ဘယ်နေ့ ထွက်မလဲ၊ ထွက်လာတဲ့အခါ ဘယ်လို အခြေအနေရှိမလဲ၊ သတင်းတွေကိုတော့ မဖတ်ပဲ နေနိုင်ဘူး။ ဒီနေ့  အဲဒီ ဂိမ်းအကြောင်းပဲ စိတ်ထဲရောက်နေတယ် ဘာလိုလဲဆို ဒီနေ့  StarCraft II: Wings of Liberty တရာဝင် ထွက်တယ်လေ။ ဟိုတလောထဲက (Digital Purchase) ဒေါင်းလုတ်လုပ် စပြီး ဆော့လို့ ရတယ်လို့  FB မှာ သူငယ်ချင်းတစ်ယောက်တင်ထာ တွေ့ ပေမယ့် မစမ်းခဲ့ဘူး။ ဘာဖြစ်လို့ လဲဆို စဖြစ်ခဲ့ရင် ဒီနေ့  ရအောင် ၀ယ်(activate လုပ်) ဆော့ဖြစ်မှာ သေချာသလောက်ရှိနေလို့ ပါ။

StarCraft II is split into three installments: the base game with the subtitle Wings of Liberty, and two expansion packs, Heart of the Swarm and Legacy of the Void.

သံယောဇဉ်.. သံယောဇဉ်.. ခုတောင် ထမင်းသွား မစားပဲ ထိုင်ရေးနေတာ။ လုံးဝ မစားလို့ မဖြစ်ဘူး။ အလုပ်များတဲ့ အချိန် အစာလေးတော့ မှန်မှန်စားအုံးမှ။ နေ့ လည်စာ သွားစားလိုက်ပါအုံးမယ်။ မနေ့ က ည ၁၁ နာရီထိုးမှ အိမ်ပြန်ရောက်တယ်။ ပင်ပန်း၏။

3 comments: