Pages

February 23, 2009

KK15

သူတို့ တွေက အချင်းချင်း အမျိုးတော်ကြတယ်။ သေချာကြည့်။ ရုပ်ချင်း ဆင်တယ်။ အမွှာတွေတော့ မဟုတ်လောက်ဘူး။ အရွယ်အစား နည်းနည်းကွာတယ်။ ဘယ်သူက အကြီး၊ ဘယ်သူက အငယ်ဆိုတာ ကိုယ့်ဘာသာ ခွဲခြားကြည့်ကြပါ။
From MyLittleWorld-Food
ငါးချိုချဉ် (S$28)
From MyLittleWorld-Food
ငါးပဲငါးပိအချိုချက် (S$16)
သူတို့ ရဲ့ ပုံသဏ္ဍာန်ကိုပြောရရင် နှာတံတို အောက်မေးရိုးရှေ့  ငေါထွက်ပြီး၊ မျက်လုံးခပ် ပြူးပြူး၊ ကိုယ်လုံးက ပြားပြား ဒါပေမယ့် အနည်းနည်းလေး ရှည်တယ်။ သူတို့ ရုပ်ရည်ကြည့်မယ်ဆို ရုပ်ဆိုးတယ် ဆိုနိုင်ပေမယ့် သူတို့ ရဲ့ အသားကတော့ အတော်လေး အရသာ ရှိတယ်။ ဒါကြောင့်ပဲ သူတို့ တွေဟာ ကြော်၍ တစ်ဖုံ၊ ပြုတ်လို့  တသွယ်၊ ပေါင်းပြီး တမျိုး အမျိုးမျိုးလုပ်ကာ စားသောက်ခြင်းကို ခံရတယ်။ သက်သေ အနေနဲ့ ဆို .... အပေါ် ဓာတ်ပုံတွေထဲက မျိုးတူညီနောင် နှစ်ယောက်... တစ်နေ့ ထဲမှာ လူ ၄ ယောက်ရဲ့ ဗိုက်ထဲကို နာရီပိုင်းလေးသာ ခြားပြီး ရောက်သွားခဲ့ ရရှာတယ်လေ။

သူတို့ ကကြောင်း နည်းနည်း လေ့လာကြည့်မိတော့ သူတို့ အမျိုးတွေက ရေချိုရေငန် နှစ်မျိုးလုံးမှာ နေတယ်ဆိုတာ သိလိုက်ရတယ်။ ငယ်ရွယ်စဉ် အချိန်တုန်းက အစုံ စားတယ်၊ အသက်ကြီးလာတာနဲ့  အမျှ အသားပဲ စားတော့တယ်တဲ့။ ဒါဆို တချို့ လူတွေနဲ့  အကျင့် တူတယ်ဆိုရမယ်။ တချို့ လူတွေက ငယ်ငယ်တုန်းက အရွက်အသား အကုန်စား (လူကြီးတွေ ကျွေးတာစားရတော့ ) ဖြစ်ပြီး၊ အရွယ်ရောက်တော့ (ကိုယ်ကြိုက်တာ ကိုယ်ရွေးစားရင်း) အသားတမျိုးထဲစားတဲ့ သူတွေဖြစ်သွားကြတယ်။ :D

သူတို့ လို ပုံစံတူ၊ အမျိုးကွဲတွေ တော်တော်များများ ရှိတယ်။ သူတို့ ကို အဆင်မြင့်မြင့် ခေါ်ချင်တယ်ဆို Lates calcarifer လို့ လည်း ခေါ်နိုင်တယ်။ Barramundi ဆိုရင်လည်း လူတွေသိကြပါတယ်။ ဒါပေမယ့် အများစုက ခပ်လွယ်လွယ် အားလုံးကို Sea Bass လို့  မှတ်ထား ခေါ်ဝေါ်ကြတယ်။ တခြားမျိုးကွဲ၊ နာမည်ကွဲ တွေလည်း ရှိနိုင်တယ်။ ကျွန်မ အတွက်တော့ ဒီလောက်သိရင် လုံလောက်ပြီ။ လူသိများတဲ့ Sea Bass/ Barramundi လို့ ပြောလိုက်တာနဲ့  သူတို့ ထဲက တစ်ကောင်ကောင် ရောက်လာမှာလို့ ယုံကြည့်တယ်။ အဲ... ကျွန်မတို့  မြန်မာတွေကတော့ သူတို့ တွေကို ကကတစ်ငါး လို့  သိရှိထားကြပါတယ်။

6 comments:

  1. ဟိုတယ်မှာဆို Seabass ကို အရှင် ချက်တာ ။ ကျွတ်စဉ်ပဲ။

    ReplyDelete
  2. နင်ကလဲဟာ ဘာလို့ ငါဗိုက်ဆာချိန်မှ ဒီငါးနှစ်ကောင်ကို တင်ထားရတာလဲ
    ငါကြည့်ရင်း ကြည့်ရင်းနဲ့ စားချင်လာပြီ။

    ReplyDelete
  3. "အပေါ် ဓာတ်ပုံတွေထဲက မျိုးတူညီနောင် နှစ်ယောက်"....ဆိုတာဖတ်ပြီး မြန်မာစကား “တအူတုံဆင်း” ဆိုတာကို သတိရမိတယ်။ တအူတုံဆင်း မောင်နှမသားချင်း အရင်းအချာ စသဖြင့် သုံးစွဲကြတယ်။

    အဲဒီ အသုံးအနှုန်းဟာ အပေါ်က ပို့စ်အတွက် အတော်လေး လျော်ကန်သင့်မြတ်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ကောင်စလုံးခမြာ အူ(အစာအိမ်)တခုထဲကို အတူတူ ဆင်းသက်သွားရရှာလို့ဘဲ။း-)

    ReplyDelete
  4. ငါးပဲငါးပိအချိုချက် (S$16). Reasonable price, isn't it?

    ReplyDelete
  5. နှစ်ကောင်လုံးစားကောင်းမယ့်ပုံပါ။
    ဘယ်အကောင်ကျွေးကျွေး ငြင်းစရာမလိုအောင်
    အရသာရှိမယ်ထင်ပါတယ်။
    ပျောက်နေတာ ငါးသွားဖမ်းနေတာလို့ ယူဆလိုက်ပါတယ်။
    ကျန်းမာပါစေ။

    ReplyDelete
  6. သိပ်ရက်စက်တာပဲနော်... ဗိုက်အရမ်းဆာနေဘီ :{

    ReplyDelete